အောက်တိုဘာ-၃၊၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ(၂၆၅)တပ်ရင်းက စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ကမ်းရိုးတမ်းတိုင်းဒေသ တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်တဲ့ မြိတ်မြို့အခြေစိုက် ခလရ(၂၆၅)တပ်ရင်းက တပ်သား တဦးဟာ အောက်တိုဘာ ၁ရက်က ပုလော(လယ်မူလား)မြို့နယ် အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၄)၊ KNDO တပ်ရင်း(၇) တပ်ခွဲ(၃) ဆီကို အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင် ဘက်ပြောင်းခိုလှုံလာသူက MA1 တလက် ယူလာကြောင်း အသိပေးထားပါတယ်။

Public Service Announcement
အခု အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်သား စုဆောင်းထားတဲ့သူဖြစ်ပြီး ရှေ့တန်းသို့ အပို့ခံချိန် ထွက်ပြေးလာတာလို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ KNLA တပ်မဟာ(၄)စီကို အဖွဲ့လိုက် အလင်းဝင်ရောက်တာရှိခဲ့ပါတယ်။ အောက်တိုဘာ ၁ရက်နေ့ကပဲ စစ်ကောင်စီရဲ့ ခလရ(၂၈၀) က တပ်သား ၂ဦးဟာ တနင်္သာရီမြို့နယ်ရှိ KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ဆီကို အလင်းဝင်ခဲ့သလို စက်တင်ဘာ ၃၀ရက်မှာလည်း ခလရ(၂၈၀)ကပဲ စစ်ကောင်စီတပ်သား ၄ဦး KNLA တပ်မဟာ(၄) တပ်ရင်း(၁၁)ဆီကို အလင်းဝင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၇ရက်ကလည်း KNDOတပ်ရင်း(၇) တပ်ခွဲ(၅)ဆီကို စစ်ကောင်စီတပ်သား ၇ဦး လက်နက်မဲ အလင်းဝင်ခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်တွေဆီကို ရရာနည်းနဲ့ လက်နက်ချအလင်းဝင် ပူးပေါင်းကြဖို့လည်း က တိုက်တွန်းထားပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး(KYO)အတွင်းရေးမှူး စောအယ်ထီးကော်ကလည်း စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ ရှေ့တန်းကို အပို့ခံရပါကလည်း ရှေ့တန်းက တော်လှန်ရေး တပ်တွေနဲ့ ဆက်သွယ်ပြီး စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ဖို့ တိုက်တွန်းထားပါတယ်။
“အခု အလင်းဝင်လာတဲ့တယောက်က တိုက်ပွဲထဲက ထွက်ပြေးလာတာ။ သူက စုဆောင်းခံရတာပေါ့။ မဲပေါက်ပြီးတပ်ထဲ ဝင်ရတာ၊သူက အပတ်စဉ် (၆)က” လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ အခု အလင်းဝင်လာသူ အပါအဝင် KNLA တပ်မဟာ(၄)ဆီ အလင်းဝင်သူ အများစုဟာ စစ်ကောင်စီ က နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။
မြိတ်မြို့နယ် တုံးဗျောကြီးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ကို KNDO တပ်ရင်း(၇)နဲ့ မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ( တပ်ဖွဲ့က စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်စဉ် အခု အလင်းဝင်လာတဲ့ တပ်သားက ထွက်ပြေးပြီး KNDOထံ အလင်းဝင်လာခြင်းဖြစ်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ရှင်းပြပါတယ်။


















































