အောက်တိုဘာ-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်သား ၂ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်းက ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တီးတိန်မြို့ အခြေစိုက် ခလရ (၂၆၉)တပ်ရင်းက တပ်ကြပ် ညီညီရွှေနဲ့ တပ်သား ခိုင်ချိုထူးတို့ဟာ လက်နက်ခဲယမ်းတွေ ယူလာပြီး အောက်တိုဘာ ၁ရက်နေ့မှာ အလင်းဝင်လာတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
” တပ်ကုန်းမှာ ကျန်ရှိနေသေးတဲ့ တပ်ရင်းမှူးကအစ တပ်သားများ အားလုံး အချိန်မှီအလင်းဝင်ဖို နောက်ဆုံး ဖိတ်ခေါ်ချင်ပါတယ်”လို့လည်း PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ နှိုးဆော်ထားသလို PDF ဇိုလဲန်းကလည်း အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၁၇)အတွက် သင်တန်းသား သင်တန်းသူအသစ်တွေ လက်ခံနေကြောင်းအသိပေးကာ လူငယ်တွေ စစ်ကောင်စီကို တွန်းလှန်ဖို့ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တီးတိန်မြို့သိမ်း စစ်ဆင်ရေးကိုလည်း ဖော်ဆောင်မယ်လို့ အရင်ကတည်းက အသိပေးကြေညာထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ချည်းညီနောင်အဖွဲ့ဝင်တွေက ကြေညာထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကူညီပေးသူတွေကို အရေးယူမယ်လို့ အသိပေးထားပါတယ်။
ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေဟာ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မတူပီမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ဦးကို လက်နက်တွေနဲ့ တွေ့ရစဉ်။ ဓာတ်ပုံ – PDF Zoland)




















































