အောက်တိုဘာ-၃ ၊ ၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်ရှေ့တန်းစစ်ဆင်ရေးမှာပါလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျုဟာ အမှတ် (၅)က ဒီကနေ့(အောက်တိုဘာ ၃ရက်) ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ရက်က ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးဟာ လွိုင်ကော်အခြေစိုက် ခလရ (၂၆၁) တပ်ရင်းက ဖြစ်တယ်လို့ ဆိုပါတယ်။ပြည်သူ့စစ်မှုထမ်းတွေဖြစ်ပြီး သူတို့ ထွက်ပြေးလာစဥ် MA-1 သေနတ် နှစ်လက်နဲ့အတူ ခဲယမ်းအချို့ကို ယူဆောင်လာပါတယ်။
ဘက်ပြောင်းခိုလှုံလာသူတွေက သူတို့နေထိုင်ရာ ဒေသမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခေါ်ခြင်းကို ခံခဲ့ရပြီး ၂၀၂၄ ကအခြေခံစစ်သင်တန်းသုံးလတတ်ပြီးနောက် လွိုင်ကော်မြို့ကိုပို့ခံရတာလို့ အသိပေးပါတယ်။

Public Service Announcement
ပိုဆောင်ခံရပြီး ရှေ့တန်းစစ်မြေပြင်တနေရာကို လိုက်ပါလာစဥ်မှာ စစ်ကောင်စီရဲ့ အာဏာရှင် စနစ်ဆိုးအောက်မှာ တာဝန်မထမ်းလိုတာကြောင့် ထွက်ပြေးလာခဲ့တယ်လို့ ဘက်ပြောင်းလာသူတွေက ပြောပါတယ်။
“KNDF ဗျူဟာ ၅ က အခုတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖရူဆို -ဒီးမော့ဆို မှာ စစ်ရေးလှုပ်ရှားနေတာ”လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။
ဘက်ပြောင်းခိုလှုံလာသူ နှစ်ဦးကို လိုအပ်တဲ့ ထောက်ပံ့မှုတွေနဲ့အတူ သက်ဆိုင်ရာဌာနကို ပို့ဆောင်ပြီး လုံခြုံစွာစောင့်ရှောက်ထားတယ်လို့ KNDFက ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးသက်ဆိုးရှည်စေမယ့်အစား လူထုဆီမျက်နှာမှုပြီး ဘက်ပြောင်းခိုလှုံလာဖို့ စစ်ကောင်စီအောက်မှာ မမျှမတ တာဝန်ထမ်းနေရတဲ့သူတွေကို တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီက အင်အား တစ်ထောင်ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။
သြဂုတ်ကစပြီး ဒီးမော့ဆိုမြို့နယ်အတွင်း ခြေကုပ်ယူခဲ့ပြီးနောက် ဖရူဆိုအခြေစိုက်စစ်တပ်စခန်း တွေအထိ စစ်ကောင်စီက စစ်ကြောင်းဖြန့်ကျက်တာနဲ့ ရိက္ခာယာဥ်တန်းတွေပေးပို့နေတာဖြစ်ပါတယ်။


















































