အောက်တိုဘာ-၃ ၊ ၂၀၂၅/People’s Spring
ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေထဲက မြန်မာဒုက္ခသည် တသောင်းကျော်ဟာ ထိုင်းမှာအလုပ်လုပ်ဖို့ စိတ်ဝင်စားပြီး ခြောက်ထောင်ကျော်ဟာ မှတ်ပုံတင်စာရင်းသွင်းထားပြီးဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့တုန်းက ထိုင်းလွှတ်တော်ဟာ ထိုင်းရောက် မြန်မာဒုက္ခသည်တွေကို ပြည်တွင်းမှာ အလုပ်လုပ်ခွင့် ပြုဖို့ အဆိုကြမ်းကို လက်ခံ အတည်ပြုခဲ့ပါတယ်။
အဲဒီနောက် ထိုင်းအစိုးရက အောက်တိုဘာ ၁ ရက်ကစပြီး ထိုင်းမှာရှိတဲ့ မြန်မာဒုက္ခသည် စခန်း ၉ ခုမှာ နေထိုင်သူတွေကို ထိုင်းနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ ဒေသအသီးသီးမှာ တနှစ်ကြာ အလုပ်လုပ်ခွင့် ပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement
ထိုင်းရောက် မြန်မာ ဒုက္ခသည်တွေထဲက ၁၂,၀၀၀ လောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားကြောင်း ပြသထားပြီး အောက်တိုဘာ ၃ ရက်နေ့ထိ အခြေအနေအရ ၆,၂၀၀ နီးပါးလောက်က မှတ်ပုံတင် စာရင်းသွင်းထားကြပြီး ဖြစ်တယ်လို့လည်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။
မြန်မာ ဒုက္ခသည်တွေကို ဝန်ထမ်းအဖြစ် ခန့်အပ်ဖို့ စိတ်အဝင်စားဆုံး စီးပွားရေး လုပ်ငန်းတွေကတော့ ဆောက်လုပ်ရေး၊ အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ အစားအသောက်နဲ့ အဖျော်ယမကာ ထုတ်လုပ်ရေးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လုပ်မယ့် မြန်မာ ဒုက္ခသည်တွေဟာ သက်ဆိုင်ရာ ခရိုင်အသီးသီးရဲ့ တာဝန်ရှိသူတွေကို ဒုက္ခသည် စခန်းတွေကနေ ထွက်ခွာပြီး အလုပ်သွားလုပ်မယ့် အကြောင်းကို သတင်းပို့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်ခွင်ရှိရာ နေရာက အုပ်ချုပ်ရေး အာဏာပိုင်တွေကိုလည်း ဆိုက်ရောက်ပြီး ၄၈ နာရီ အတွင်းမှာ သတင်းပို့ဖို့ လိုအပ်ပါတယ်။
အဲဒီနောက် အလုပ်ရှင်တွေက အလုပ်သမားတွေကို အစိုးရ ကျန်းမာရေး ဌာန တစ်ခုခုဆီ ခေါ်ဆောင်သွားပြီး ကျန်းမာရေး စစ်ဆေးမှု ကိစ္စတွေ၊ အာမခံ စာရင်းသွင်းမှုတွေ လုပ်ဆောင်ရပါမယ်။ အဲဒီအဆင့်တွေ ပြီးရင် လိုအပ်တဲ့ စာရွက်စာတမ်း အစုံအလင် တင်ပြပြီး အလုပ်လုပ်ခွင့်ပါမစ် ကိစ္စ ဆက်ပြီး ဆောင်ရွက်ရမှာပါ။
ကနဦး ပါမစ်လျှောက်ထားမှုတွေအတွက် ဘတ် ၁၀၀ ကုန်ကျမှာဖြစ်ပြီး နှစ်စဉ် ပါမစ် သက်တမ်းတိုးဖို့ စရိတ်ကတော့ ဘတ် ၉၀၀ ကျသင့်မယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေ အနေနဲ့ နိုင်ငံခြားသားတွေအတွက် တိတိကျကျ ကန့်သတ် တားမြစ်ထားတဲ့ အလုပ်အမျိုးအစားကလွဲရင် ဘယ်လို လုပ်ငန်းခွင်မှာမဆို အလုပ်လုပ်ခွင့် ရှိပါတယ်။
အလုပ်ပါမစ်ကိစ္စတွေမှာ သက်ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေနဲ့ ညီညွတ်အောင် လုပ်ဆောင်ကြဖို့ အလုပ်ရှင်တွေဖက်ကိုလည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ အခုကိစ္စတွေနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေနဲ့ ဆက်သွယ်အကြံယူမှုတွေ အတွက်လည်း ဒေသဆိုင်ရာ အလုပ်အကိုင်ရုံးတွေ၊ ဝန်ကြီးဌာနရဲ့ hotline ဖုန်းတွေဆီ ဆက်သွယ်လို့ ရတယ်လို့လည်း သိရပါတယ်။
နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေကို ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့် ပြုဖို့ ဆိုတာက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကာလရှည်ကြာ တောင်းဆိုနေခဲ့တဲ့ အခြေအနေ တစ်ခုပါ။
အောက်တိုဘာ ၂ ရက်မှာတော့ ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး ထရီနူချ် သိန်သောင်က ဒုက္ခသည် စခန်းတွေမှာ တရားဝင် ဒုက္ခသည်တွေအဖြစ် မှတ်ပုံတင်ထားသူတွေထဲက အသက် ၁၈ နှစ်နဲ့ ၅၉ နှစ်ကြားအရွယ် ၄၂၆၀၁ ဦးကို အလုပ်သမားရေးရာ ဝန်ကြီးဌာနမှာ စတင်မှတ်ပုံတင်ခွင့် ပြုနေပြီလို့ ပြောကြားသွားပါတယ်။
ဒုက္ခသည်တွေအတွက် အလုပ်အကိုင်နေရာတွေ စီစဉ်ပေးတာဟာ ထိုင်းစီးပွားရေး ယန္တရားမှာ သူတို့တွေကို တရားဝင် ပါဝင်လည်ပတ်နိုင်ခွင့် ဖန်တီးပေးမယ့် အစိုးရရဲ့ ဆန္ဒသဘောထားနဲ့လည်း ကိုက်ညီတယ်လို့ နရီနူချ်က ဆိုပါတယ်။
နှစ်နိုင်ငံ နယ်စပ် စစ်ရေး ပဋိပက္ခတွေအပြီး ကမ္ဘောဒီးယား အစိုးရက ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမား အများအပြားကို ပြန်လည် ခေါ်ယူသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကြုံတွေ့လာတဲ့ လုပ်အားရင်းမြစ် လိုအပ်ချက်ကို ပြန်လည် ဖြည့်တင်းနိုင်ရေးအတွက် ထိုင်းရောက် မြန်မာ ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့် ပေးသွားဖို့ထိုင်းအစိုးရကပိုပြီးအဆောတလျင် အားထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား – Bangkok Post ၊ ဓာတ်ပုံ – Getty Images


















































