■လွယ်ခေါ်ရွာကို ဗုံးအလုံး ၂၀ ကျော်ကြဲတိုက်ခိုက်လို့ အရပ်သား ၂ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ
အောက်တိုဘာ-၅၊၂၀၂၅။လူအေး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ပြီး ၃ရက်အကြာမှာ မြို့နယ်က လွယ်ခေါ်ကျေးရွာနဲ့ အနီးဝန်းကျင်နေရာတွေကို Y12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ကျော်ကြဲတိုက်ခိုက်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒီနေ့ အောက်တိုဘာ ၅ရက် ညနေ ၆နာရီခန့်မှာ ဗုံးကြဲတာလို့ ကျောက်မဲမြို့ခံတဦး ပြောပါတယ်။

Public Service Announcement
” ရှောင်ဖို့ မတတ်နိုင်သူတွေ ရွာထဲကျန်နေတာလေ။ ဒီညနေ Y12ကြဲတာ။ နှစ်ယောက်ဆုံးတာ ဟုတ်တယ်။ ဒဏ်ရာရတွေလည်း များတယ်။ ဗုံးသာဆက်ကြဲနေမယ်ဆိုရင် တော်တော်လေး အခြေအနေဆိုးမယ်”လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်ကောင်စီက လေကြောင်းအကူအညီနဲ့စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာနှောင်းပိုင်းမှာပြန်လည်ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့ကိုလည်းအောက်တိုဘာ ၂ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
တိုက်ပွဲဖြစ်နေတာ မရှိပေမယ့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေသလို ဒေသခံတွေကို အမြန်ပြန်လာကြဖို့နဲ့ အကြောင်းပြချက်မရှိဘဲ နေရပ်ပြန်မလာတဲ့သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ ကျန်တဲ့မြို့နယ်တွေကိုလည်း ဆက်ပြီးတိုက်ခိုက်မယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေ ရေးသားနေကြပြီး မြို့တွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
အောက်တိုဘာ ၁ရက်ကနေ ဒီနေ့ အောက်တိုဘာ၅ရက်အထိ မိုးကုတ်၊ နမ္မတူ၊ မန်တုံ၊ နန့်ဆန်၊ သီပေါမြို့တွေကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ TNLAက အောက်တိုဘာ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။
၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကို TNLAက လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ ယခုအခါ ကျောက်မဲမြို့ကိုလည်း ထပ်မံလက်လွှတ်လိုက်ရပြန်ပါတယ်။


















































