အောက်တိုဘာ-၆၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်း၊ ကရင်နဲ့ ကချင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သီတင်း ကျွတ်လပြည့် တော်လှန်ဆီမီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ သီတင်းကျွတ်လပြည့် မီးထွန်းညသပိတ်ကိုပြုလုပ်ခဲ့ပါတယ်။
အဲဒီသပိတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက် ရေး၊ ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ဓမ္မကို ပူဇော် ၊အဓမ္မကို လောင်ကျွမ်း” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးထွန်းသပိတ် ပြုလုပ်ခဲ့ပါတယ်။
ပုလဲမြို့နယ်မှာလည်း တော်လှန်ပြည်သူတွေက ” ဓမ္မကို ပူဇော် အဓမ္မကို လောင်ကျွမ်း” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီး သပိတ်ကို ဒီကနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့ခဲ့ကြပြီး ကျဆုံး အာဇာနည်များကို အောက်မေ့တမ်းတ ဂုဏ်ပြုတာကိုပါပြုလုပ်ခဲ့ပါတယ်။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာလည်း သီတင်းကျွတ်လပြည်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်စေရန်၊ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံး လွတ်မြောက်စေဖို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန်အတွက်လည်း လွတ်မြောက်ခြင်း မီးပုံးတွေကို လွှတ်တင်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း သီတင်းကျွတ် လပြည့်ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ဖားကန့်ပြည်သူတွေက ဆီမီးထွန်းညှိပြီး ကျဆုံးရဲဘော်တွေကို ဦးညွှတ်အလေးပြုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ကျန်းမာစွာနဲ့ အမြတ်ဆုံး လွတ်မြောက်လာကြစေရန် ဆုတောင်းခြင်း တို့ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် “အတုအယောင်ရွေးကောက်ပွဲကို နင်းချေပြီး ဒီမိုကရေစီခရီးလမ်းကို ရဲရဲဆက်လျှောက်ကြ” စာသားနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတိုင်း ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်ကြဖို့ နှိုးဆော်ခြင်း၊ နိုင်ငံ့အရေးမှာ နိုင်ငံသားတိုင်း ဆက်လက်ပါဝင်ချီတက်ကြဖို့ အကြံပြုခြင်း၊ လူထုဆန္ဒနဲ့အညီ အဓမ္မတွေ ကျဆုံးပျောက်ကွယ်ပြီး ၊ ဓမ္မအမှန်တရားသည်သာ ထာဝရ တည်ပါစေ ဟု ဆုတောင်းကြခြင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။




























































