အောက်တိုဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က အာရက္ခတပ်တော်(AA)ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ စွပ်စွဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း လွိင်လင်ခရိုင်၊ ကျေးသီးမြိုနယ် ၊ဝမ်ဟိုင်းဒေသမှ သယ်ဆောင်လာသော ကျပ် ၁၉၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို လူ ၁၆ဦးနဲ့အတူ ဖမ်းမိခဲ့ကြောင်း ၊ အဲဒီ မူးယစ်ဆေးတွေဟာ ရန်ကုန်မြို့ကနေ မလေးရှား၊ ရခိုင် စတဲ့နေရာတွေကို ပို့ဆောင်မှာဖြစ်ပြီး AAရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။
စက်တင်ဘာ ၂၄ရက်မှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ မူးယစ်ဆေးသယ်လာတဲ့ ကားကို စတင်ဖမ်းဆီးခဲ့ပြီး ထွက်ဆိုချက်အရ ထပ်မံ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေကနေ အသေးစိတ် ဖော်ပြခဲ့ပါတယ်။

Public Service Announcement
စစ်ကောင်စီ စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ AAဟာ လုံး၀ ပတ်သတ်မှုမရှိဘူးလို့ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒီကနေ့ အောက်တိုဘာ ၈ရက်မှာ ပြောပါတယ်။
“အခုထုတ်ပြန်ချက်ကိုပဲ ကြည့်ကြည့် အရင်တုန်းက ထုတ်ပြန်ချက်တွေကိုပဲ ကြည့်ကြည့် ဇာတ်လမ်းရော ဇာတ်ညွှန်းရော ဒါဟာ အားလုံးအတူတူပဲ ဖြစ်ပါတယ်၊ဒါဟာအကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီဘက်က စနစ်တကျ ကြိုတင်စီမံပြီးတော့ မတရားလုပ်ကြံ စွပ်စွဲ တိုက်ခိုက်နေတာတွေပဲဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်မှာပါတဲ့ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဆိုတာဟာ ရှမ်းလက်နက်ကိုင်တပ် SSPP ဌာနချုပ်ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဩဂုတ်လအတွင်းကလည်း ကျပ် ဘီလီယံ ၂၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ရာမှာလည်း AAကို စွပ်စွဲထားသကဲ့သို့ SSPP တပ်ဖွဲ့ ဗိုလ်မှူးအဆင့် စိုင်းစု ဆိုသူက အဓိက စီမံပြီး AAက ရခိုင် ပြည်နယ် ဖြတ်သန်းစဉ် ဖြတ်သန်းခ ကောက်ခံခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။
အဲဒီတုန်းကလည်း SSPPက စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံရေးဂုဏ်သိက္ခာ ကျစေလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာလုံး၀ မရှိဘူးလို့ ကြေညာခဲ့ပါတယ်။ SSPPဟာ စစ်ကောင်စီနဲ့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ဟာ မူးယစ်ဆေးဝါး၊ လောင်းကစား ၊ ကျားဖြန့်၊ လူကုန်ကူးစတဲ့ မကောင်းမှု ဒုစရိုက်မှန်သမျှကို ဦးဆောင်ထိန်းချုပ်နေတာဖြစ်ကြောင်း AA ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ဩဂုတ်လအတွင်းက ပြောဆိုထားပါတယ်။


















































