အောက်တိုဘာ-၂၇၊၂၀၂၅။People’s Spring
ရန်ကုန်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို မဖြစ်မနေမဲပေးရမယ်ဆိုပြီးဖိအားပေးခြိမ်းခြောက်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေကနေ ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းပါရှိတဲ့မူလမဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးဖို့ ရပ်ကွက်ရုံးကိုခေါ်ယူသတိပေးတာတွေလုပ်တယ်လို့ စုံစမ်းသိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မဲမပေးပါရင် ရန်ကုန်တွင်နေထိုင်ခွင့်မပြုပဲ မိမိနေထိုင်ရာဒေသလို့ပြန်ပို့မယ်လို့ စစ်အုပ်စုခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကခြိမ်းခြောက်နေကြတယ်လို့စစ်ဘေးရှောင်အချို့ကပြောပါတယ်။ ဒါအပြင် မဲမပေးရင် လူငယ်ပိုင်း အမျိုးသားတွေကို စစ်တပ်ထဲပို့မယ်လို့ ခြိမ်းခြောက်တာတွေပြုလုပ်တယ်လို့ သိရပါတယ်။

Public Service Announcement
“ကနဦးကတော့ ရပ်ကွက်ရုံးမှာခေါ်ပြောတယ်။ မဲပေးဖို့အတွက်ပေါ့။ နောက်ကျတော့ အိမ်တိုင်ရာ
ရောက်လာပြောတယ်။ မဲကိုမဖြစ်မနေပေးရမယ်။ မပေးရင် ပြန်ပို့မယ် စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ပြောတယ်။ ကိုယ်တွေက ဧည့်စာရင်းတိုင်ပြီးနေရတယ်။ ပြီးတော့ဘယ်ကနေ ဘာကြောင့်ပြောင်းလာတာလဲဆိုတာပါပြောရတယ်။ဖိအားကတောက်
လျှောက်ပေးတယ်။ အတင်းအကျပ်ကြီးမဲပေးခိုင်းတယ်။ ကိုယ်ပေးချင်ပေးမယ် မပေးချင်မပေးဘူးပေါ့။ သူတို့ပြောစရာမှမလိုတာ။ရန်ကုန်ကို စစ်ရှောင်လာတဲ့သူတွေက တော်တော်ဒုက္ခရောက်တယ်” လို့ ရခိုင်မှ စစ်ဘေးရှောင်လာသူတစ်ဦးကPeople’s Spring ကိုပြောပါတယ်။
စစ်အုပ်စုကသန်းခေါင်စာရင်းကောက်ယူတယ်ဆိုပြီး စစ်ဘေးရှောင်တွေရဲ့ စာရင်းတွေကိုကောက်ယူခဲ့တာဖြစ်ပါတယ်။
ဒါအပြင်ရန်ကုန်ကို စစ်ဘေးရှောင်လာတဲ့သူတွေဟာ အခက်အခဲတွေကြုံတွေ့ရပြီး လူမျိုးခွဲခြားဆက်ဆံတာတွေလည်းရှိတယ်လို့ သိရပါတယ်။
“ရခိုင်ကဆိုရင် အိမ်ငှားမပေးချင်ကြဘူး။ ပိုက်ဆံပေးတာတောင်မရဘူး။ အိမ်ရှာရလည်းခက်တယ်။ နှိမ်ချင်ကြတယ်။ အဆင်မပြေတာတွေမှတပုံကြီး” လို့ စစ်ဘေးရှောင်တဦးကပြောပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာစစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့
မဲထည့်ဖို့ ဆက်တိုက်ခြိမ်းခြောက်ဖိအားပေးနေတာကိုနေ့စဉ်နဲ့အမျှကြုံတွေ့နေရပြီး အခက်ကြုံနေကြရတယ်လို့ စစ်ရှောင်ပြည်သူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် အာရက္ခတပ်တော်(AA)က မြို့နယ် ၁၄ မြို့နယ်ကိုထိန်း
ချုပ်ထားပါတယ် ။ စစ်တွေ၊ကျောက်ဖြူ ၊မန်အောင် သုံးမြို့နယ်ကိုပဲ စစ်တပ်ကထိန်းချုပ်နိုင်ပြီးလတ်တလော ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ် ။ဒါပေမယ့်စစ်တပ်က AA ထိန်းချုပ်ထားတဲ့ဒေသတွေကိုလည်း လေယာဥ်နဲ့ ဗုံးကြဲတာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်လို့ ပြည်သူတွေ မကြာခဏ သေဆုံးထိခိုက်မှုတွေရှိပါတယ် ။
အလားတူ ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ်ကိုလာရောက် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း စစ်အုပ်စုနဲ့ ပြည်သူ့စစ်တွေက စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးရင် စားနပ်ရိက္ခာတွေ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်နေတယ်လို့
ဒေသခံအချို့ကပြောပါတယ် ။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေကြောင့် ပြည်သူ သုံးသန်းခွဲကျော်ဟာ နေအိမ်တွေစွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ မြေပြင်အခြေအနေမှန်မှာ စစ်တပ်ကဗုံးကြဲလို့ ၊နေအိမ်တွေမီးရှို့လို့ ၊စစ်ကြောင်းထိုးဖျက်ဆီးလို့ ၊တိုက်ပွဲတွေဖြစ်လို့ထွက်ပြေးနေရတဲ့ ပြည်သူအရေအတွက်ဟာ ကုလသမဂ္ဂထုတ်ပြန်တာထက်ပိုများတယ်လို့ အကူအညီပေးနေသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ် ။


















































