အမေရိကန် စစ်သင်္ဘောကို ဗင်နီဇွဲလားက တိုက်ခိုက်သလိုမျိုး လုပ်ကြံဖန်တီးမယ့် အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အစီအစဉ်ကို ဟန့်တားနိုင်ခဲ့ကြောင်း ဗင်နီဇွဲလားက ဆိုပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ ဗင်နီဇွဲလား အာဏာပိုင်တွေက CIA ထောက်ပံ့ပေးထားတဲ့ လျှို့ဝှက် ဆဲလ်တစ်ခုကို ဖော်ထုတ်ပြီး အဲဒီ အကြံအစည်ကို ဟန့်တားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ CIAက ပံ့ပိုးပေးထားတဲ့ ဆဲလ်ဟာ ကာရေဘီယန် ပင်လယ်ပြင်တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်သင်္ဘောကို တိုက်ခိုက်ပြီး ဗင်နီဇွဲလား လက်ချက်အဖြစ် ပုံချဖို့ ကြံစည်ထားတယ်လို့ ဗင်နီဇွဲလား ထောက်လှမ်းရေးတွေက ဆိုပါတယ်။
အပြစ်ပုံချမယ့် အကြံအစည်အတွက် CIAက ရွေးချယ်ထားတဲ့ ပစ်မှတ်ဟာ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော USS Gravely ဖြစ်တယ်လို့ ဗင်နီဇွဲလားက အခိုင်အမာ ပြောပါတယ်။ အဲဒီ သင်္ဘောဟာ အောက်တိုဘာ ၂၆ ရက်နေ့တုန်းက ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံမှာ ကမ်းကပ် ရပ်နားထားခဲ့ပါတယ်။ အဲဒီနေရာဟာ ဗင်နီဇွဲလား ကုန်းတွင်းပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်လောက်အောင် လက်လှမ်းမီပါတယ်။
CIAကတော့ ဗင်နီဇွဲလားဖက်က စွပ်စွဲမှုနဲ့ ပတ်သက်လို့ တစ်ခုခု တုံ့ပြန်မှတ်ချက်ပေးတာမျိုး မရှိပါဘူး။

Public Service Announcement
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဗင်နီဇွဲလားအပေါ် ရန်လိုမှုတွေ သိသိသာသာ ပြသနေသလို ကာရေဘီယန်မှာ စစ်အင်အား စုဝေးဖြန့်ကျက်ထားမှုကလည်း သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရအတွက် စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။ ထရမ့်က မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ စွပ်စွဲပြီး ဒေါ်လာ သန်း ၅၀ ဆုငွေ ထုတ်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ဆီ မူးယစ်ဆေး မှောင်ခို တင်ပို့နေတဲ့ ရေယာဉ်တွေလို့ စွပ်စွဲပြီး ဗင်နီဇွဲလားလှေ အတော်များများကိုလည်း ကာရေဘီယန် ပင်လယ်မှာ ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ပါတယ်။
ကာရေဘီယန် ပင်လယ်ပြင် အနှံ့မှာ အမေရိကန်ဟာ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို ဖြန့်ကျက်ထားပါတယ်။ နောက်ပြီး ထရမ့်က ဗင်နီဇွဲလားရဲ့ မူးယစ်ဆေးဝါး တင်ပို့မှု ရေလမ်းကြောင်းတွေကို ဖြတ်တောက်ထားပြီး ဖြစ်တဲ့အတွက် ကုန်းမြေပစ်မှတ်တွေဆီ စက်ကွင်း ရွေ့လာနိုင်တယ်လို့လည်း အရိပ်အမြွက် ပြောကြားထားပါတယ်။ သူက ဗင်နီဇွဲလားမှာ မာဒူရိုရဲ့ အစိုးရကို ဖြုတ်ချ ဖယ်ရှားဖို့ ကြံစည်နေတယ်ဆိုတဲ့ ထင်ကြေးတွေကိုတော့ ငြင်းဆိုထားပါတယ်။
USS Gravelyက ကာရေဘီယန်ကို ရောက်ရှိနေခြင်းဟာ ဗင်နီဇွဲလားမှာတော့ ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ ယူဆထားတယ်လို့လည်း ဆိုပါတယ်။ ဗင်နီဇွဲလားရဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို တိုက်ဖျက်ဖို့ဆိုတဲ့ ထရမ့်ရဲ့ အစီအမံအရ အမေရိကန် စစ်တပ်ဟာ ကာရေဘီယန်မှာ စစ်သင်္ဘော ၇ စီးနဲ့ မက္ကဆီကို ပင်လယ်ကွေ့မှာ စစ်သင်္ဘော ၁ စီး ဖြန့်ကျက်ထားပါတယ်။
ဒါတင်မကသေးဘဲ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်သင်္ဘောကြီးဖြစ်တဲ့ USS Gerald R. Ford လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုကလည်း မကြာခင် ကာရေဘီယန် ပင်လယ်ပြင်ဆီ ရောက်ရှိလာမယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ အမေရိကန်ရဲ့ B1-B မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး နှစ်စီးက ဗင်နီဇွဲလား ကမ်းလွန် ကာရေဘီယန် ပင်လယ်ပြင်ပေါ်မှာ ပျံသန်းခဲ့တာကြောင့်လည်း နှစ်ဖက် တင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အခုလို ပုံစံနဲ့ အမေရိကန်က အင်အားပြ ခြိမ်းခြောက်ခဲ့တဲ့ တတိယအကြိမ် ဖြစ်ကြောင်းလည်း သိရပါတယ်။
ကိုးကား: AFP


















































