အပစ်အခတ် ရပ်စဲထားပေမယ့်လည်း ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ဟားမားစ် ပြောက်ကျားတွေဖက်က သဘောတူညီချက်ကို စတင် ချိုးဖောက်လို့ လက်တုံ့ပြန်တာ ဖြစ်တယ်လို့လည်း အစ္စရေးက စွပ်စွဲခဲ့ပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အောက်တိုဘာ ၂၈ ရက်နေ့မှာ ဟားမားစ်တွေက အစ္စရေး စစ်သားတွေကို စတင်ရန်စ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါတင် မကသေးဘဲ ဟားမားစ်တွေဟာ အစ္စရေး ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေကို စုံစုံလင်လင် ပြန်ပြီး လွှဲပြောင်းပေးပါ့မယ်ဆိုတဲ့ ကတိကိုလည်း အခုထိ မတည်သေးဘူးလို့ သူက ဆိုပါတယ်။
ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကတော့ အစ္စရေးကို တိုက်ခိုက်ခဲ့တာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုပြီး အမေရိကန် အစိုးရက ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ဆက်ပြီး လေးစား လိုက်နာနေဦးမယ်လို့ ပြောပါတယ်။
တစ်ဖက်မှာတော့ ဂါဇာအနှံ့မှာ အောက်တိုဘာ ၂၈ ရက်နေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ပြည်သူ့ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ ပစ်ခတ်မှုတွေဟာ ဂါဇာစီးတီး၊ ဘိထ်လာဟီရာ၊ အယ်လ်ဘူရိုင်ဂျ်၊ ခန်ယူနစ်နဲ့ ညူဆိုင်ရတ် မြို့တွေက အိမ်တွေ၊ ကျောင်းတွေ၊ တိုက်တွေကို ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement
ဂါဇာမှာ အခြေအနေတွေ တင်းမာနေပေမယ့်လည်း အပစ်ရပ် သဘောတူညီမှုက ဆက်လက် တည်တံ့နေမယ်လို့ သူယုံကြည်ကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က မှတ်ချက်ပေးခဲ့ပါတယ်။ ညပိုင်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူဟာ စစ်တပ်ကို အင်နဲ့အားနဲ့ စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့ကြောင်း အတည်ပြုပေမယ့် အကြောင်းရင်းကိုတော့ ထုတ်မပြောခဲ့ပါဘူး။
ကတ်ဇ်ကတော့ အစ္စရေးစစ်သားတွေကို စတင်ရန်ပြု တိုက်ခိုက်ခြင်းအားဖြင့် ဟားမားစ်ဟာ မကျော်သင့်တဲ့စည်းကို ကျော်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အစ္စရေး စစ်သားတွေကို တိုက်ခိုက်တာ၊ ကွယ်လွန်သွားတဲ့ အစ္စရေး ဓားစာခံ အလောင်းတွေကို ပြန်လွှဲပေးမယ့် သဘောတူညီမှုကို ချိုးဖောက်တာတွေအတွက် အဆပေါင်းများစွာ ပေးဆပ်ရစေမယ်လို့ သူက ခြိမ်းခြောက်ခဲ့ပါတယ်။
အစ္စရေး စစ်တပ်ကတော့ ဟားမားစ်တွေဟာ မျဉ်းဝါလိုင်း သတ်မှတ်ချက်ရဲ့ အရှေ့ပိုင်း တစ်နေရာကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ မျဉ်းဝါလိုင်း ဆိုတာက ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ကမ်းရိုးတန်း ဧရိယာတွေနဲ့ အစ္စရေး နိုင်ငံကြားမှာ ကြားခံနယ်မြေအဖြစ် သတ်မှတ်ပြီး အစ္စရေးတပ်တွေ ဖြန့်ကျက်ထားတဲ့ ဇုန်ရဲ့ နယ်နိမိတ်မျဉ်းကို ဆိုလိုတာပါ။
အစ္စရေး မီဒီယာတွေကတော့ ဂါဇာတောင်ပိုင်း၊ ရာဖားဟ်မြို့မှာ ရှိနေတဲ့ အစ္စရေးတပ်တွေဟာလည်း တင့်ကားဖျက် ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာတွေ၊ စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်မှု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဂါဇာအနှံ့မှာ ပေါက်ကွဲသံတွေ ကြားနေခဲ့ရကြောင်း မျက်မြင်တွေက ပြောကြားခဲ့ပါတယ်။
ဟားမားစ်ရဲ့ ကြေညာချက်မှာတော့ ရာဖားဟ်မှာ အစ္စရေးတပ်တွေကို ပစ်ခတ်ခဲ့တာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကိုတော့ ရှုတ်ချခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုတွေဟာ ဟားမားစ်နဲ့ ဘာဆက်စပ်မှုမှ မရှိကြောင်း၊ ဟားမားစ်ဟာ အပစ်ရပ် သဘောတူညီမှုကို အပြည့်အဝ ဆက်လက် လေးစား လိုက်နာနေဆဲဖြစ်ကြောင်း အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖက်ဆစ် ကျူးကျော်ရေးတပ်က ဂါဇာမှာ ဗုံးတွေကြဲနေတာကသာ အပစ်ရပ် သဘောတူညီမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့လည်း ဟားမားစ်က စွပ်စွဲခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဦးဆောင် ညှိနှိုင်းပေးပြီး အီဂျစ်၊ ကာတာနဲ့ တူရကီတို့ကလည်း ဝိုင်းဝန်း ကူညီပေးခဲ့တဲ့ သဘောတူညီချက်အရ ဂါဇာမှာ အောက်တိုဘာ ၁၀ ရက်နေ့က အပစ်ရပ်ခဲ့ပါတယ်။ ဟားမားစ်ဟာ အသက်ရှင်နေဆဲ အစ္စရေး ဓားစာခံ ၂၀ စလုံးကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဓားစာခံ အလောင်း ၂၈ ခုထဲမှာ အစ္စရေး ၁၃ ဦးနဲ့ နိုင်ငံခြားသား ၂ ဦးရဲ့ အလောင်းတွေကိုသာ ပြန်လည် ပေးအပ်ထားပါသေးတယ်။ ဟားမားစ် လက်ထဲမှာ အစ္စရေး ဓားစာခံ ၁၁ ဦး၊ ထိုင်း ၁ ဦးနဲ့ တန်ဇန်နီးယား ၁ ဦးရဲ့ အလောင်းတွေ ဆက်ပြီး ကျန်နေဆဲပါ။
ဟားမားစ်ကတော့ အဲဒီအလောင်းတွေဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေ အောက်ကို ရောက်နေတာကြောင့် ပြန်ရှာတွေ့ဖို့ ခက်ခဲနေတယ်လို့ အကြောင်းပြထားပါတယ်။ အခုသီတင်းပတ်မှာတော့ အီဂျစ်က ကျွမ်းကျင်အဖွဲ့တွေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ဝန်ထမ်းတွေလည်း ဂါဇာမှာ ရုပ်အလောင်းတွေကို ကူညီရှာဖွေမှု စတင်နေတယ်လို့ သိရပါတယ်။
ကိုးကား: BBC


















































