■PDF တွေပူးပေါင်းပြီး မိုးကုတ်မြို့မှဆုတ်မပေးပဲ ဆက်တိုက်မည်ဟု PDFတွေပြော
အောက်တိုဘာ ၂၉၊ ၂၀၂၅။ People’s Spring
တအာင်းတပ်မတော်(TNLA)ကမိုးကုတ်၊မိုးမိတ်က ဆုတ်ခွာမယ်လို့ စစ်ကောင်စီ နဲ့ သဘောတူ အပစ်ရပ်စဲခဲ့ ဒီကနေ့ အောက်တိုဘာ ၂၉ရက်မှာ မိုးကုတ်ဗျူဟာ က မိုးကုတ်မြို့ကို ချစ်တဲ့ ပြည်သူတွေကို ရည်ညွှန်းတဲ့ ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးခရီးမှာ ဘယ်လိုအခက်အခဲ ကြုံကြုံ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးခဲ့ပါတယ်။
မိုးကုတ်ဗျူဟာ ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တပ်ဖွဲ့ဖြစ်ပါတယ် ။

Public Service Announcement
မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေပါဝင်တဲ့ မိုးကုတ်ဗျူဟာဟာ နွေဦးတော်လှန်ရေးခရီး စတင်ခဲ့တဲ့အချိန်ကစပြီး ကဏ္ဍအသီးသီးမှ အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီး မိုးကုတ်မြို့အပါအဝင် လွတ်မြောက်နယ်မြေများစွာကို စိုးမိုးနိုင်တဲ့အထိ တော်လှန်ရေးခရီးကို အောင်မြင်မှုများစွာလျှောက်လှမ်းနိုင်ခဲ့ကြောင်း အသိပေးထားပါတယ် ။
အခုအချိန်မှာစစ်တပ်ကယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံနဲ့ တိုက်ခိုက်နေပေမယ့် တွန့်ဆုတ် ကြောက်ရွံ့မှုမရှိဘဲ ဆက်တော်လှန်နေတယ်လို့ ဖော်ပြပါတယ်။
တော်လှန်ရေး ခရီးတစ်လျှောက်ဘယ်လိုခက်ခဲတဲ့ အချိုးအကွေ့တွေနဲ့ ကြုံရသည်ဖြစ်စေမိုးကုတ်ဗျူ
ဟာနဲ့အတူ မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့တွေက ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ မမှိတ်မသုန် မဆုတ်တမ်း ဆက်လက်ချီတက်ဖို့ ရည်ရွယ်ထားတာဖြစ်လို့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်ချီတက်တိုက်ပွဲဝင်မယ်လို့ ကတိသစ္စာ ပြုကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့ချိန်မှာ မန္တလေးPDF ၊ မိုးကုတ်ဗျူဟာ ၊TRI ဗျူဟာစတဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေက TNLA နဲ့အတူ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ် ။
ကြေညာချက်နဲ့ပတ်သက်ပြီး မိုးကုတ် ဗျူဟာ တာဝန်ရှိသူတွေကိုလည်း People’s Spring ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
မိုးကုတ်ဗျူဟာလိုပဲ မန္တလေး PDF ကလည်း TNLAနဲ့ စစ်ကောင်စီ အပစ်ရပ်ကြောင်း ကြေညာအပြီး နာရီပိုင်းအကြာမှာ ကြေညာချက် ထုတ်ပြန်ကာ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကာကွယ်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် မိုးကုတ်မြို့ကနေ TNLA တပ်တွေဆုတ်ခွာတယ် ဆိုပေမယ့် PDF တွေက ဆက်
လက်စိုးမိုးထိန်းချုပ်နိုင်အောင် ခုခံတိုက်ခိုက်သွားမှာဖြစ်တယ်လို့ PDF အချို့ကပြောပါတယ် ။
ဗျူဟာအမှတ်၉၃(TRI ဗျူဟာ)၊ နည်းဗျူဟာမှူးကိုဝေမိုးကျော်က လည်း “ဘာပဲဖြစ်ဖြစ် TNLA
အနေနဲ့ အကောင်းဆုံးရုန်းကန်ခဲ့တာပဲ။Congratulations ပါ။ကိုယ်ကတော့ကိုယ့်အလုပ်ကို ဆက်လုပ်။ချစရာရှိတာ ဆက်ချရမှာ”လို့အောက်တိုဘာ ၂၉ ရက် ညနေပိုင်းမှာ ဖေစ်ဘွခ်မှာရေးသားထားပါတယ် ။
TNLA က မိုးကုတ်မြို့က ဆုတ်ခွာတဲ့အတွက် TRI ဗျူဟာ နဲ့ မိုးကုတ်ဗျူဟာတို့ရော ဆုတ်ခွာမှာလားအမေးကို မဆုတ်ဘူးလို့ မှတ်ချက်မှာ ပြန်လည်ဖြေခဲ့ပါတယ် ။
“စဉ့်ကူးရော ၊ သပိတ်ကျင်းရော ၊မိုးကုတ်ရော
လူဦးရေ အများကြီး။တိုက်နိုင်ခိုက်နိုင်သူတွေ အများကြီး။အတူတူရုန်းကြမယ်ဗျာ။ တပ်ထဲ
လာခဲ့ကြ ။ လေ့ကျင့်စုဖွဲ့ကြမယ်။”လို့လည်း ဗျူဟာအမှတ်၉၃(TRI ဗျူဟာ)၊ နည်းဗျူဟာမှူးကရေးသားထားပါတယ် ။
အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း မန္တလေး PDF နဲ့ အခြား PDF တွေပူးပေါင်းပြီး မိုးကုတ်မြို့ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ခုခံသွားမှာဖြစ်တယ်လို့ ပြောပါတယ် ။
“မန္တလေးPDF နဲ့ တခြား PDF တွေ ပေါင်းပြီး ခုခံမှာပါ။ ဒီတိုင်းပဲ နားလည်ပါတယ်” လို့ PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ် ။ မန္တလေး PDF ကို People’s Spring ကမေးမြန်းဖို့ ဆက်သွယ်ရန်ကြိးစားပေမယ့် ဆက်သွယ်မရသေးပါဘူး။




















































