အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှု ဆိုင်းငံ့ကာလ (shutdown) ဖြစ်နေမှု၊ အစိုးရရဲ့ ရန်ပုံငွေ ဖြတ်တောက် လျှော့ချမှုတွေကြောင့် သတင်းလုပ်ငန်းတွေ ဆိုင်းငံ့ထားမယ်လို့ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနက ပြောပါတယ်။
အခြေအနေ အရပ်ရပ်ကြောင့် RFAဟာ လက်ကျန် လည်ပတ်နေဆဲ သတင်း ထုတ်လုပ်မှု အားလုံးကို မဖြစ်မနေ ဆိုင်းငံ့ထားရမှာဖြစ်ကြောင်း၊ ဒါဟာ RFA ရပ်တည်ခဲ့တဲ့ ၂၉ နှစ်ကြာ သမိုင်းကြောင်းတလျှောက် ပထမဆုံး ကြုံတွေ့ရတဲ့ သတင်းလုပ်ငန်း အလုံးစုံ ရပ်တည်မှု ဖြစ်လာကြောင်း သတင်းဌာနရဲ့ အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ ဘေဖန်က ပြောကြားခဲ့ပါတယ်။
RFAရဲ့ သတင်းလုပ်ငန်း လည်ပတ်မှု ယန္တရားကို အများကြီး ချုံ့ထားပြီး ဆက်လက် လုပ်ကိုင်နေခဲ့ပေမယ့် အရင်းအမြစ်တွေ အရမ်းကျပ်တည်းလာတာ၊ ရန်ပုံတွေ အထောက်အပံ့တွေ ပြန်ရလာချိန်မှာ ပုံမှန် အလုပ်တွေ ပြန်စနိုင်ခြေကို ကြိုတင် တွေးတော ပြင်ဆင်တာတွေအတွက် အခုလို ဆုံးဖြတ်ခဲ့ရတာလို့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖန်က ဆိုပါတယ်။
ဒီမိုကရေစီ ဝါဒကို တွန်းအားပေးဖို့ ရည်ရွယ်ပြီး RFAကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုနီးပါးမှာ ထူထောင်ခဲ့ပြီး အမေရိကန် အစိုးရရဲ့ ရန်ပုံငွေနဲ့ လည်ပတ်ခဲ့ပါတယ်။ RFAဟာ သတင်းလွတ်လပ်ခွင့် ကင်းမဲ့တဲ့ တရုတ်၊ မြန်မာတို့လို နိုင်ငံတွေကို အဓိက အာရုံစိုက်တဲ့ သတင်းလုပ်ငန်း လည်ပတ်မှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် RFA အပါအဝင် အမေရိကန်ရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်တဲ့ သတင်းဌာနတွေရဲ့ ရန်ပုံငွေ ခွဲတမ်းကို လွန်လွန်ကျွံကျွံ လျှော့ချပစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း RFAဟာ အနည်းဆုံး ဝန်ထမ်းအင်အားလောက်ကိုသာ ချန်ပြီး ရှေ့ဆက် လည်ပတ်နေခဲ့ရပါတယ်။ ဒါပေမဲ့ အစိုးရ အသုံးစရိတ် ဘတ်ဂျတ်ကိစ္စ လွှတ်တော်မှာ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် အောက်တိုဘာ လဆန်းကစလို့ အမေရိကန် အစိုးရ shutdown ဖြစ်သွားတဲ့ အခါမှာတော့ RFAရဲ့ အကျပ်အတည်းက ပိုဆိုးသွားခဲ့တာ ဖြစ်ပါတယ်။
Shutdownကာလတွေမှာ အမေရိကန် အစိုးရရဲ့ အသုံးစရိတ်တွေကို ချွေတာရပြီး ဝန်ထမ်းတွေရဲ့ လုပ်ခလစာတွေ ဆိုင်းငံ့ခံရတာမျိုးတွေပါ ကြုံရလေ့ ရှိပါတယ်။
ဖန်က ရန်ပုံငွေ အကျပ်အတည်းကြောင့် မတ်လကစလို့ RFAဟာ နိုင်ငံရပ်ခြား သတင်းဌာနခွဲတွေကို ပိတ်သိမ်းတာ၊ ဝန်ထမ်း အများအပြားကို အနားပေးတာတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။ အခုတော့ သတင်းထုတ်လုပ်မှုတွေကိုပါ ရပ်နားထားရပေမယ့် ဖန်ကတော့ RFAရဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ မျှော်လင့်ထားဆဲလို့ အရိပ်အမြွက် ဆိုပါတယ်။
အာရှနိုင်ငံတွေမှာ တိုက်ပိုင် သတင်းထောက်တွေ၊ ကန်ထရိုက်တာတွေ ခန့်အပ်ထားခဲ့တဲ့ RFAဟာ ထရမ့်ရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုတွေ မတိုင်ခင်ထိ အာဏာရှင်တွေ၊ တချို့သော အစိုးရတွေ မမြင်ချင် မတွေ့ချင်တဲ့ သတင်းအကြောင်းအရာတွေကို နှိုက်နှိုက်ချွတ်ချွတ် တူးဆွပြီး ဖော်ပြခဲ့ကြပါတယ်။ တရုတ်ဟာ ဟွေဂါ မွတ်ဆလင်တွေ ကြုံတွေ့နေတဲ့ ဖိနှိပ်မှုတွေ၊ မြောက်ကိုရီးယား ပြည်ပြေးတွေ ကြုံရတဲ့ အခက်အခဲတွေ၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေတွေကို RFAက အထူးတလည် အာရုံစိုက် သတင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့ RFAနဲ့ အမေရိကန်အသံ (VOA) သတင်းဌာနတွေဟာ လုပ်ငန်းလည်ပတ်မှု အရည်အသွေးအရ အရမ်းညံ့ဖျင်းပြီး အမေရိကန် အစိုးရ ရန်ပုံငွေတွေကို ဖြုန်းတီးပစ်နေတယ်လို့ စွပ်စွဲပြီး ထောက်ပံ့ငွေ ပမာဏ အများအပြားကို ကန့်သတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Guardian


















































