Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ရှူဆေးဘူး နှစ်သန်းကျော် သိမ်းဆည်းခံရ

ထိုင်းမှာ နာမည်ကြီး ရှူဆေးဘူး အရေအတွက် နှစ်သန်းကျော်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ – ၃၁ ၊၂၀၂၅

ထိုင်းမှာ နာမည်ကြီး ရှူဆေးဘူး အရေအတွက် နှစ်သန်းကျော်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

Formula 2 တံဆိပ် ရှူဆေးဘူးတွေကို ထုတ်လုပ်တဲ့ Hong Thai ကုမ္ပဏီက ကျန်းမာရေး အရည်အသွေး စစ်ဆေးမှု ရလဒ်တွေမှာ ကျရှုံးခဲ့တာကြောင့် ရောင်းချထားတဲ့ ဆေးဘူးတွေရဲ့ လတ်တလော စျေးကွက်ဖြန့်ထားတဲ့ တစ်သုတ်ကို အရောင်းဆိုင်တွေကနေ ပြန်လည် ရုပ်သိမ်းနေချိန်မှာပဲ ထိုင်းရဲတပ်ဖွဲ့က Formula 2 အပါအဝင် ရှူဆေးဘူး အများအပြားကို သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA)က ရှူဆေးရဲ့ ပါဝင်ပစ္စည်းတွေ သန့်စင်မှု စံနှုန်း စစ်ဆေးချက်တွေ လုပ်ဆောင်ခဲ့ရာမှာ ကျရှုံးရလဒ် ထွက်ခဲ့တဲ့နောက် ကုမ္ပဏီက ရှူဆေးဘူးတွေကို ပြန်ရုပ်သိမ်းနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး Hong Thaiဟာ ဘန်ကောက်မှာရှိတဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ စက်ရုံတစ်ခုမှာ ရှူဆေးဘူးတွေကို ထုတ်လုပ်နေပေမယ့် တရားမဝင် နောက်ထပ် စက်ရုံတစ်ခုကနေလည်း မှာယူပြီး စျေးကွက် ဖြန့်နေတယ် ဆိုတာကို ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီက ထုတ်လုပ်တဲ့ ရှူဆေးတွေကို FDAက ခွင့်ပြုချက် ပေးမထားပါဘူး။

အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး အောက်တိုဘာ ၃၀ မှာတော့ FDAနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဘန်ကောက်မှာရှိတဲ့ ထုတ်လုပ်ရေးနဲ့ သိုလှောင်ရေးဆိုင်ရာ နေရာပေါင်း လေးကို စီးနင်းရှာဖွေခဲ့ပါတယ်။ ပြီးတော့ ရှူဆေးဘူး ၂.၃ သန်းကို သိမ်းဆည်းခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ရှူဆေးဘူးတွေထဲမှာ Formula 2တွေက လေး သိန်းလောက် ပါဝင်ခဲ့ပါတယ်။

သိမ်းဆည်းခဲ့တဲ့ ရှူဆေးဘူးတွေရဲ့ တန်ဖိုးဟာ ဘတ်သန်း ၁၀၀ ကျော်၊ တစ်နည်းအားဖြင့် ဒေါ်လာ သုံး သန်းကျော်လောက်ထိ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

FDA အတွင်းရေးမှူးချုပ် ဆူပတ်ထရာ ဘွန်ဆမ်က အာဏာပိုင်တွေဟာ အဲဒီနေရာတွေနဲ့ ပတ်သက်လို့တရားဝင်စာရွက်စာတမ်းတွေ နည်းမှန် လမ်းမှန် လျှောက်ထားဖို့ သတိပေးခဲ့ပေမယ့် ကုမ္ပဏီဖက်က မျက်ကွယ်ပြုခဲ့တယ်လို့ ပြောပါတယ်။

စစ်ဆေးမှု ရလဒ်မှာ ကျရှုံးတဲ့၊ ဘေးမကင်းဘူးလို့ ယူဆရတဲ့ ရှူဆေးတွေဟာ လည်ပတ်နေတဲ့ သက်တမ်း သုံးနှစ်လောက် ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ အဲဒီစက်ရုံနဲ့ ဆက်စပ် လုပ်ငန်းတွေဆီက ထုတ်လုပ်တာလို့ ဆူပတ်ထရာက ပြောပါတယ်။

သူက FDA အသိအမှတ်ပြုမှု မရှိတဲ့ တရားဝင် စက်ရုံတွေကနေ ထုတ်လုပ်တဲ့ ရှူဆေးဘူးတွေဟာ လုံခြုံရေး အရရော၊ အရည်အသွေးအရပါ မှန်ကန်တဲ့ အာမခံချက် မရှိနိုင်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

သုံးစွဲသူတွေ အနေနဲ့လည်း ဆေးဝါးတွေ ဝယ်ယူတဲ့ အခါမှာ မူမမှန်ဘူးလို့ ယူဆရတဲ့ အခြေအနေတွေ၊ တရားဝင် မဟုတ်တဲ့ အညွှန်းစာတန်း ရေးထိုးမှုတွေကို သေချာစစ်ဆေးဖို့လည်း ဆူပတ်ထရာက တိုက်တွန်းခဲ့ပါတယ်။

ပြန်လည် သိမ်းဆည်းဖို့ ကြေညာထားတဲ့ ရှူဆေးဘူးတွေလည်း ထိုင်းက ဆေးဆိုင်တွေမှာ ဆက်ပြီး ရောင်းချမနေတာ သေချာအောင် အာဏာပိုင်တွေက ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့လည်း ကြေညာထားပါတယ်။

ကုမ္ပဏီ ပိုင်ရှင် သီရာဖောင် ရာဘူသမ်ကတော့ FDAဟာ ကုမ္ပဏီထုတ် ရှူဆေးတွေနဲ့ ပတ်သက်လို့ ကြိုတင် ဆက်သွယ်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။ နောက်ပြီး ဝင်ရောက်စီးနင်း ခံရတဲ့ နေရာတွေထဲက တစ်ခုဟာ ထုတ်ကုန်လိုင်စင် မလျှောက်ရသေးတာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ထိုင်းမှာတော့ ခွင့်ပြုစံနှုန်းထက် အရည်အသွေး နိမ့်ကျတဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်တွေ ထုတ်လုပ်ရင် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်နဲ့ ဒဏ်ငွေ ဘတ် နှစ်သိန်း၊ ရောင်းချရင်း အမြင့်ဆုံး ထောင်ဒဏ် ခြောက် လနဲ့ ဒဏ်ငွေ ဘတ် ငါးသောင်းထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ