ရုရှားစစ်တပ်ရဲ့ လေယာဉ်တွေကို ဘော်လ်တစ် ပင်လယ်ပြင် အထက်မှာ တစ်ပတ်အတွင်းမှာ သုံးကြိမ်တိုင် ကြားဖြတ် စောင့်ကြည့်ခဲ့ရကြောင်း ပိုလန်က ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့က ရုရှားစစ်တပ်ရဲ့ကင်းထောက်လေယာဉ် တစ်စီးဟာ ပိုလန် လေပိုင်နက်နား ချဉ်းကပ် ပျံသန်းလာတဲ့အတွက် ပိုလန် လေတပ်က တိုက်လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်ခဲ့ရကြောင်း ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီ လေယာဉ်ဟာ ပိုလန် လေပိုင်နက်ထဲကိုတော့ ကျူးကျော် ဝင်ရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့ အရင်နှစ်ကြိမ်နည်းတူ အဲဒီ လေယာဉ်ဟာလည်း ပျံသန်းမှု လမ်းကြောင်းကို တိတိကျကျ သတ်မှတ် မထားခဲ့သလို ပိုလန် တိုက်လေယာဉ်တွေဖက်က အဆက်အသွယ် လုပ်လို့မရအောင် စက်တွေကို ပိတ်ထားခဲ့ပါတယ်။
ဒါဟာ တစ်ပတ်အတွင်း သုံးကြိမ်မြောက် ပုံစံတူ ကိစ္စဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဘောလ်တစ် ပင်လယ်ပြင်မှာ ရုရှား စစ်လေယာဉ်တွေရဲ့ အကြောင်းရင်း တိတိကျကျ မသိရတဲ့ လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာတာကို အတည်ပြုနိုင်ကြောင်း ပိုလန် စစ်တပ်က ပြောပါတယ်။

Public Service Announcement
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
စက်တင်ဘာလတုန်းက NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အက်စ်တိုးနီးယား လေပိုင်နက်ထဲကို ရုရှားရဲ့ တိုက်လေယာဉ် ၃ စီးက ကျူးကျော်ဝင်ရောက် ပျံသန်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း NATOရဲ့ အရှေ့ဥရောပ နိုင်ငံတွေဟာ လေကြောင်း ကာကွယ်ရေးနဲ့ ပတ်သက်ရင် ပိုပြီး တင်းကျပ်တဲ့ အစီအမံတွေကို မြှင့်တင် အားဖြည့်ခဲ့ပါတယ်။
အက်စ်တိုးနီးယား လေပိုင်နက် ကျူးကျော်ခံရတဲ့ ဖြစ်စဉ်အပြီး နောက်တစ်ကြိမ် အလားတူ ထပ်ဖြစ်လာရင် ရုရှား တိုက်လေယာဉ်တွေကို ပစ်ချဖို့ စဉ်းစားထားကြောင်းလည်း NATOက သတိပေးခဲ့ပါတယ်။ ရုရှားကတော့ NATO လေပိုင်နက်ကို ကျူးကျော်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ပယ်ချပြီး မမှန်ကန်တဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ကိုးကား: Reuters


















































