နိုဝင်ဘာ-၂၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကောင်စီလက်အောက်ကနေ CDM ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်တာ၊ အလုပ်မခန့်ဖို့ စာထုတ်တာတွေလုပ်ခဲ့တဲ့ ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်ဆု ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
၂၀၁၅ က ပြည်သူ့ဂုဏ်ရည်အထူးဆုရရှိခဲ့တဲ့၊ လက်ရှိ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှုးတာဝန်ယူထားတဲ့ ဒေါက်တာနန္ဒဝင်းကို ဆုပေးခဲတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကနေ ဆုပြန်လည်ရုပ်သိမ်းလိုက်ကြောင်း နိုဝင်ဘာ ၁ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဆုပြန်လည်ရုပ်သိမ်းတာနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆု ဂုဏ်ပြုခဲ့တဲ့ ဒေါက်တာနန္ဒဝင်းဟာ တိုင်းရင်းသားပြည်သူတွေကို အစွမ်းကုန်ဖိနှိပ်နေတဲ့ စစ်အုပ်စုလုပ်ရပ်တွေမှာ ထောက်ခံအားပေးရပ်တည်နေခဲ့ပြီး CDMဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ပုဂ္ဂလိက ဆေးရုံတွေက ဝန်ထမ်းအဖြစ် မခန့်ဖို့ စစ်အုပ်စုအလိုကျ သူ့ရဲ့အခွင့်အာဏာကိုသုံးပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုတဲ့ ဆောင်ရွက်ချက်တွေကြောင့် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်တဲ့ “နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု”အရည်အချင်းမှသွေဖယ်ခဲ့ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းကနေ အသိပေးပါတယ်။

Public Service Announcement
ဒါ့ကြောင့် ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ပြည်သူ့ဂုဏ်ရည် အသင်း အင်တာနက်စာမျက်နှာကနေ ဖယ်ရှားလိုက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဆုရှင်တဦးအဖြစ် ထိုက်တန်မှုမရှိကြောင်း၊ ဒေါက်တာနန္ဒဝင်းရဲ့ စက်ဆုတ်ရွံရှာဖွယ် ယုတ်မာရက်စက်တဲ့စိတ်ထားနဲ့ ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်းပြည်သူ့ဂုဏ်ရည်အသင်းကနေ ထပ်မံ အသိပေးပါတယ်။
ဒေါက်တာနန္ဒဝင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကပဲ ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDM ဝန်ထမ်း ဆရာဝန်တွေ သူနာပြုတွေကို အလုပ်မခန့်အပ်ဖို့နဲ့ ခန့်အပ်ထားတာကို တွေ့ရှိပါက ဆေးရုံ ဆေးခန်း ပိုင်ရှင်တွေကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမယ်ဆိုတဲ့စာကို ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒေါက်တာနန္ဒဝင်းဟာ ဆုရတဲ့အချိန်က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့မှာ မြို့နယ်ကျန်းမာရေး ဦးစီးမှူးအဖြစ်တာဝန်ယူရင်း ကျန်းမာရေးနဲ့ညီညွတ်ပြီး ဈေးနှုန်းသက်သာတဲ့ တန်ဖိုးသင့်ညစာ အစီအစဉ် ကို အောင်မြင်အောင်အကောင်အထည်ဖော် နိုင်ခဲ့လို့ဆိုပြီး ဆုရခဲ့တာဖြစ်ပါတယ်။
ဒေါက်တာ နန္ဒဝင်းရဲ့ဖခင်ဟာ စစ်တပ်ကအရာရှိဟောင်းဖြစ်ကြောင်း၊ သူဟာ NLDအစိုးရလက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို ဝေဖန်တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။
ဒေါက်တာနန္ဒဝင်းဟာ အာဏာသိမ်းပြီး မြို့နယ်မှူးဘဝကနေ မြဝတီခရိုင်မှူးအဖြစ်နဲ့ ရာထူးတိုးသွားခဲ့ပြီး မြဝတီခရိုင်အတွင်းက CDM လုပ်သွားကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို သူ့အမိန့် အာဏာနဲ့ ခြိမ်းခြောက်ကာ လုပ်ငန်းခွင် ပြန်ဝင်ဖို့ အမိန့်စာတွေထုတ်ခဲ့ကြောင်း၊ စစ်တပ်နဲ့ပေါင်းပြီး ရန်ကုန်တိုင်း ကုသရေးဦးစီးမှုးရာထူးအထိ ရခဲ့ကြောင်း အသင်းမှာပါဝင်တဲ့ Henry Aung ( Florida )ဆိုသူက လူမှုကွန်ရက်မှာ အသိပေးပါတယ်။
“ယခုအခါ သူ့ရဲ့ အောက်တန်းကျ ယုတ်မာ မှု့တွေကို တုန့်ပြန်ဘို့ လိုအပ်လာပြီဖြစ်သည့်အတွက်ဒီနေ့ ကျွန်တော်တို့ ပြည်သူ့ဂုဏ်ရည်အသင်းကြီးမှ အစည်းအဝေး ခေါ်ယူ၍ သူ့ရဲ့ အောက်တန်းစား စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက် ရှုပ်ချကြောင်း သဘောထားကြေငြာချက်ကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။”လို့ ၎င်းက ရေးသားပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုဟာ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေအောက်ကနေ ခက်ခဲစွာ ရုန်းကန်နေကြရတဲ့ ပြည်သူတွေရဲ့အကျိုးကို ဦးတည်ဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုတွေနဲ့ ၂၀၁၀ ခုနှစ်ကစပြီး နှစ်စဥ်မပြတ် ဂုဏ်ပြုလာခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒေါက်တာနန္ဒဝင်းကို NUG အစိုးရကလည်း ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလအတွင်းက ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။





















































