■ပြင်သစ်နိုင်ငံက မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး ပံ့ပိုးကူညီရန်အသင့်ဟုဖော်ပြ
နိုဝင်ဘာ-၄၊၂၀၂၅။နေ့သစ်/People’s Spring
ပြင်သစ်သမ္မတအေမန်နျူယယ်မက်ခရွန်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတဦးဝင်းမြင့်နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့ စာရေးသားတောင်းဆိုခဲ့ပါတယ်။
ဒါအပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေယိုယွင်းလာမှု နဲ့ သင့်လျော်တဲ့ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အခက်အခဲကြုံနေရတာကို သားဖြစ်သူကိုထိန်လင်းကပြောပြလို့ သိရတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ ပြင်သစ်သမ္မတက စာမှာရေးထားပါတယ်

Public Service Announcement
ပြင်သစ်သမ္မတက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဆီကို လိပ်မူပြီး ရေးထားတဲ့စာကို ပြင်သစ်၊နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာအတွက်အထူးကိုယ်စားလှယ် မစ္စတာခရစ်စတန်လရှယ်ဗီ ကတဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကိုထိန်လင်း(ကင်မ်အဲရစ်)ထံပေးပို့ခဲ့တာဖြစ်ပါတယ်။၂၀၂၅ အောက်တိုဘာ ၁ ရက်ရက်စွဲတပ်ထားတဲ့ဒီစာဟာအခုနှစ်ပိုင်းအတွင်းမှာကမ္ဘာထိပ်တန်းခေါင်းဆောင်တဦးကဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး နဲ့ ပြန်လွတ်မြောက်ရေးအတွက် အလေးထားတောင်းဆိုတဲ့ စာဖြစ်ပါတယ် ။
ကိုထိန်းလင်းကလည်း ပြင်သစ်နိုင်ငံရဲ့သနားကရုဏာတရား၊ အားပေးမှုနဲ့ မိတ်ဆွေကောင်း ပီသခြင်းတို့အတွက် ကျွန်တော်လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။ ဒါဟာ အမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး တို့ကို နှုတ်ပိတ်ထားလို့ မရဘူးဆိုတာ ကမ္ဘာတဝှမ်းကလူတွေကို အသိပေးလိုက်တဲ့ စိတ်ရေးဆိုင်ရာ ခေါင်းဆောင်မှုတစ်ရပ် ဖြစ်တယ်လို့ ရေးထားပါတယ်။
“အသက်ကြီးလာပြီဖြစ်တဲ့ ကျွန်တော့်မေမေဟာ အချုပ်အနှောင်ထဲမှာ ကျန်းမာရေး မကောင်းတော့ပါ။ မေမေဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် သူ့ဘဝ အသက်တာတစ်လျှောက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်တယ်။မေမေလွတ်မြောက်ခြင်းဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက်သာမက မြန်မာပြည်ရဲ့ လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း အရေးပါဆုံးဖြစ်ပါတယ်။”လို့သူကရေးသားထားပါတယ်။
ပြင်သစ်သမ္မတရဲ့စာထဲမှာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲဟာလွတ်လပ်ခဲ့သလို ပြင်သစ်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုကြိုဆိုခဲ့ပါတယ်။ဒါပေမယ့်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်သွေးထွက်သံယိုဖြစ်စေတဲ့ တုံ့ပြန်မှုတွေကြောင့်နိုင်ငံ နဲ့ ပြည်သူတွေအတွက်စိတ်မကောင်းဖွယ်ကာလရှည်ကျပ်အတည်းအတွင်းကျရောက်ခဲ့ပါတယ်။ဒီအခြေအနေက အိမ်နီးချင်းနိုင်ငံတွေအပေါ်သက်ရောက်သလို ပြင်သစ်နိုင်ငံနဲ့ဆက်ဆံရေးကိုလည်း ကမောက်ကမဖြစ်စေခဲ့တယ်လို့ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ် မျှော်မှန်းချက်တွေ ၊တရားဥပဒေစိုးမိုးမှု ၊ မြန်မာ-ပြင်သစ် ၂ နိုင်ငံကြား နိုင်ငံရေး၊စီးပွားရေး ၊ယဥ်ကျေးမှုအရ ဆက်ဆံရေးတွေကောင်းမွန်ဖို့ အပြည့်အဝထောက်ခံအားပေးတယ်လို့ရေးသားထားပါတယ် ။
မြန်မာပြည်သူတွေ အသက်အန္တရာယ်နဲ့ကြုံတွေ့နေရချိန်မှာ ပြည်သူများနဲ့ ယှဥ်တွဲရပ်တည်ပြီးတော့ အကြမ်းဖက်မှုတွေလျော့ပါးဖို့ ၊တရားဝင်နိုင်ငံရေးခေါင်းဆာင်တွေ ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကိုထောက်ခံအားပေးရန်ဆန္ဒရှိတယ်လို့လည်း စာမှာဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်မားပြီး ပြန်လည်လွတ်မြောက်ပြီး မိသားစုနဲ့ ပြန်တွေ့ဆုံနိုင်မယ်လို့မျှော်လင့်တယ်လို့လည်းရေးသားထားပါတယ်။
နောက်ဆုံးမှာ မြန်မာပြည်သူတွေအားလုံးချမ်းသာသလို ၊ နိုင်ငံကို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိစေရန် ပံ့ပိုးပေးရန်အသင့်ပြင်ထားတယ်လို့လည်း မက်ခရွန် ကရေးသားထားပါတယ် ။




















































