လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
အဖမ်းခံထားရသူတွေဟာ လူသေမှု၊ လူသေတဲ့ထိ ပေါ့ဆမှု၊ ဝတ္တရား ပျက်ကွက်မှုတွေအတွက် စွဲချက်တင် ခံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက ဟောင်ကောင် မြောက်ပိုင်းမှာရှိတဲ့ Wang Fuk Court အိမ်ရာထဲက အထပ်မြင့် တိုက်တွေမှာ အကြီးအကျယ် မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ၃၂ ထပ် တိုက်ကြီး ၈ ခုထဲက ၇ ခုမှာ မီးသင့် လောင်ကျွမ်းခဲ့ပြီး လူ ၁၅၁ ဦးသေဆုံးခဲ့သလို ၄၀ လောက် ပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေသူတွေဟာ ပြာကျတဲ့ထိ မီးလောင်ခံရပြီး အလောင်းရှာမတွေ့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ မီးသတ် ဝန်ထမ်းတွေက သတိပေးထားပါတယ်။
အိမ်ရာထဲက တိုက်အမြင့်တွေမှာ အကြီးစား ပြန်လည် ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်နေရင်း မီးလောင်မှု ဖြစ်ခဲ့တာပါ။ ပြန်လည် ပြင်ဆင်မှုတွေမှာ ဝါးငြမ်းတွေကို အသုံးပြုထားခဲ့သလို အဆောက်အအုံရဲ့ ပြတင်းပေါက်တွေနဲ့ နံရံအစိတ်အပိုင်း တချို့မှာ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်း အသုံးပြုထားတာကြောင့်လည်း မီးကူးစက်မှုကို ပိုမို ဆိုးရွားသွားစေခဲ့တယ်လို့ စစ်ဆေးရေး အရာရှိတွေက ဆိုပါတယ်။ နောက်ပြီး အဲဒီအိမ်ရာထဲမှာ နေထိုင်သူ ၄၀၀၀ ထဲက အများစုဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ပေမယ့် မီးလောင်ချိန်မှာ အလွယ်တကူ ရွှေ့ပြောင်းနိုင်အောင် စီစဉ်ထားမှုတွေ မရှိတာကိုလည်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
တကယ်လို့ ဝါးငြမ်းတွေနဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေသာ မသုံးခဲ့ရင်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံတွေကို ထိထိရောက်ရောက် ပြင်ဆင်ထားခဲ့ရင် အသေအပျောက်ကို အများကြီး လျှော့ချနိုင်ခဲ့ဖွယ် ရှိတယ်လို့ ရဲတွေ့ ယူဆထားပါတယ်။ အခုတော့ အဆောက်အအုံတွေကို ပြန်လည် မွမ်းမံ ပြင်ဆင်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့ အမှုဆောင်တွေ အပါအဝင် လူ ၁၃ ဦးထိကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement
ပြီးတော့ ဝါးငြမ်းတွေမှာ တွဲလျက်သား ချိတ်ထားတဲ့ အစိမ်းရောင် လုံခြုံရေး ပိုက်ကွန်တွေကလည်း မီးဘေးအန္တရာယ် ကာကွယ်ရေး စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိထားပါတယ်။
သေဆုံးစာရင်းမှာတော့ ဟောင်ကောင် နိုင်ငံသားတွေသာ မကဘဲ အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၉ ဦးနဲ့ ဖိလစ်ပိုင် ၁ ဦး ပါဝင်တယ် ဆိုတာကိုလည်း အတည်ပြု တွေ့ရှိထားပါတယ်။
ဟောင်ကောင်ဟာ တရုတ်အစိုးရက ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။ ဟောင်ကောင်က မီးလောင်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူတွေအတွက် ဆုတောင်းတဲ့ အခမ်းအနားတွေ၊ လုံခြုံရေး စံနှုန်းတွေ မြှင့်တင်ပေးဖို့ တောင်းဆိုမှုတွေမှာ အာဏာပိုင်တွေရဲ့ စိစစ်မှုတွေ လျော့ရဲခဲ့တဲ့အပေါ် လူထုက ဒေါသထွက်နေတဲ့ အရိပ်အယောင်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ တရုတ် အစိုးရကတော့ ဟောင်ကောင် မီးလောင်မှုကို အကြောင်းပြုပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အစပြုလာမယ့် ကိစ္စတိုင်းကို လုံးဝ စိတ်မကူးကြဖို့ သတိပေးထားပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းထိ အခြေအနေ အရတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေဟာ အခြေအနေ အဆိုးဆုံး အထပ်တွေထဲမှာ စေ့စေ့စပ်စပ် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ မီးစတင် လောင်ကျွမ်းခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။
အိမ်ရာထဲမှ နေထိုင်သူတွေထဲက ၁၁၀၀ လောက်ကို ယာယီ ခိုလှုံရေး စခန်းတွေမှာ နေရာချထားပေးပြီး နောက်ထပ် ၆၈၀ လောက်ကိုတော့ အဆောင်တွေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ နေရာထိုင်ခင်း စီစဉ်ပေးထားပါတယ်။
Wang Fuk Court အိမ်ရာ မီးလောင်မှုဟာ ဟောင်ကောင် သမိုင်းမှာ အဆိုးဆုံး ဖြစ်ခဲ့တဲ့ ၁၉၄၈ ခုနှစ် မီးဘေးသင့်မှုကြီးထက် အသေအပျောက် ပိုများလာနိုင်ခြေတွေ ရှိနေပါတယ်။ အဲဒီတုန်းက ကုန်လှောင်ရုံ တစ်ခုမှာ မီးလောင်ခဲ့ရာက လူပေါင်း ၁၇၆ ဦးထိ အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters

















































