ဒီဇင်ဘာ-၂၁၊၂၀၂၅။မိထက်/People’s Spring
စစ်ကောင်စီထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ ဒီနေ့ တစ်ရက်တည်းမှာ ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီဇင်ဘာလ၂၁ရက်မနက် ၉နာရီကျော်က တစ်ကြိမ်ပေါက်ကွဲသံကြားခဲ့ပြီး ညနေ၅နာရီနဲ့ ၆နာရီခန့်မှာ နောက်ထပ်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
“လားရှိုးမှာဘာတွေဆက်ဖြစ်မှာလဲမသိတော့ဘူး။ သုံးကြိမ်စလုံးဗုံးပေါက်ကွဲတာပါ”လို့မြို့ခံတဦးကပြောပါတယ်။

Public Service Announcement
မနက်ပိုင်းပေါက်ကွဲမှုကဘယ်ရပ်ကွက်မှာဖြစ်တယ်ဆိုတာအတည်ပြုလို့မရသေးပေမယ့် ညနေပိုင်းပေါက်ကွဲမှုကတော့ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ ရပ်ကွက်(၅)ထဲက လူနေအိမ်တစ်ခုအနီးမှာပေါက်ကွဲတာလို့သိရပါတယ်။
ပေါက်ကွဲမှုတွေကြောင့် ထိခိုက်မှုမရှိဘူးလို့သိရပေမယ့် အသေးစိတ်အတည်ပြုဖို့ခက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်တပ်ကမြို့ထဲမှာကင်းလှည့်နေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီကလားရှိုးမြို့ပေါ်မှာရွေးကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေပြီး ဒီနေ့ဗုံးပေါက်ကွဲမှုတွေက တော်လှန်ရေးအင်အားစုတွေဘက်ကနေဒေသခံတွေကိုသတိပေးတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
လားရှိုးမြို့ကိုစစ်အုပ်စုကတရုတ်အစိုးရအကူအညီနဲ့ ပြီးခဲ့တဲ့ဧပြီလက ကျည်တစ်ချက်မဖောက်ရဘဲ ကိုးကန့်တပ်(MNDAA)ထံကနေ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့တာပါ။ မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်ကရွာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့နေရာတွေမှာပါ ရွေးကောက်ပွဲလုပ်ဖို့အတွက်စစ်ကောင်စီကကြိုးစားနေပေမယ့် မဲပုံးတောင်ချခွင့်ပေးမှာမဟုတ်ဘူးလို့ MNDAAရဲ့ သတင်းပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်ကတစ်ဆင့်အသိပေးထားပါတယ်။


















































