ဒီဇင်ဘာ-၂၂၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၂၂) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ကို ဒီဇင်ဘာ ၂၁ရက်မှာ ကျင်းပခဲ့ကြောင်း ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ အခမ်းအနားကို ပဲခူးတိုင်းစစ်ဌာန သာယာဝတီခရိုင်မှာကျင်းပခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။ ဗျူဟာ (၂၂)ဟာ ပဲခူးတိုင်း သာယ၀တီခရိုင်အတွင်း မြို့နယ်တွေက စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဒီဇင်ဘာနဲ့ နိုဝင်ဘာအတွင်း ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အခုစစ်သင်တန်းဟာ ဗျူဟာ (၂၂)ရဲ့ ပထမဆုံး စစ်သင်တန်းဖြစ်တယ်လို့လည်း ဗျူဟာ (၂၂) တာဝန်ခံက ပြောပါတယ်။

Public Service Announcement
သင်တန်းဆင်းပွဲကို နည်းဗျူဟာ(၂၂)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ခွဲတွေက တာဝန်ရှိသူတွေ၊ ပကဖ တာဝန်ခံတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေကတပ်မှူး တာဝန်ခံတွေ တက်ရောက်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
ဗျူဟာ (၂၂)အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဦးစီးချုပ် ရဲဘော်ရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း အသိပေးထားပါတယ်။
“ရဲဘော်တို့ ငါတို့ စစ်တိုက်တယ်ဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ ဖြစ်တယ်။ စစ်အာဏာရှင် ဖက်ဆစ်စနစ်ဆိုးကို အမြစ်ပြတ် ချေမှုန်းဖို့ဖြစ်တယ်။ပြည်သူလူထု လိုလားတောင်းတနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ်၊ နိုင်ငံသစ်ကို ရယူပေးနိုင်ဖို့ ဖြစ်တယ်။ပြည်သူ ချစ်တဲ့ ပြည်သူ ယုံကြည်လေးစားတဲ့ PDF တပ်မတော်သားတွေ ဖြစ်အောင် ပြုမူနေထိုင်ကြဖို့ အထူးမှာကြားလိုတယ်”လို့ စစ်ဦးစီးချုပ်ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
တိုက်ပွဲတွေမှာ ရွံ့ရွံ့ချွံချွံ တုက်ဖို့လည်း PDF စစ်ဦးစီးချုပ်က မှာကြားပါတယ်။
“စစ်မိန့်စစ်စည်းကမ်းများကို တိကျစွာ လိုက်နာကြပါ။ ရဲဘော်အချင်းချင်း စည်းလုံးညီညွတ်မှုကို အမြဲထိန်းသိမ်းကြပါလို့ အထူးအလေးနက်ထားတိုက်တွန်းလိုတယ်”လို့လည်း စစ်ဦးစီးချုပ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အောင်ပွဲကို စောင့်မျှော်နေတဲ့သူတွေအတွက် နိုင်အောင်တိုက်ကြမယ် လို့ PDF စစ်ဦးစီးချုပ်က ပြောကြားခဲ့ပြီး ဆိုးယုတ်မှု မှန်သမျှ ကျဆုံးပြီး ပြည်သူ့တော်လှန်ရေး မုချအောင်ရမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
သင်တန်းဆင်းဓာတ်ပုံတွေမှာ သင်တန်းသားရဲဘော်တွေကို လက်နက်တပ်ဆင်ခဲ့မှု မှတ်တမ်းတွေကိုလည်း ဖော်ပြထားပါတယ်။ ဗျူဟာ(၂၂) ရဲဘော်တွေအားလုံးကို လက်နက်တပ်ဆင်နိုင်ဖို့ကတော့ စိန်ခေါ်မှုတွေ ဆက်ရှိနေကြောင်းလည်း ဗျူဟာ (၂၂) တာဝန်ခံက ပြောပါတယ်။
“သင်တန်းသားအားလုံး မတပ်ဆင်နိုင်သေးပါဘူး။ လိုအပ်ချက်တွေရှိတုန်းပါ”လို့ ဗျူဟာ (၂၂)တာဝန်ခံက ပြောပါတယ်။
အခု သင်တန်းဟာ သုံးလကြာမြင့်ခဲ့ပြီး သင်တန်းကာလအတွင်း ကိုယ်ကာယနဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေးသင်ခန်းစာ၊ နိုင်ငံရေးသင်ခန်းစာ၊ ဆက်သွယ်ရေးသင်ခန်းစာ၊ အခြေခံ ဆေးပညာရပ်၊ မို-င်းပညာရပ် တွေကို သင်ကြားခဲ့ကြောင်း ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။






















































