ဒီဇင်ဘာ-၂၆၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို မိုင်းရှင်းခိုင်းနေပြီး ကားနှစ်စီးပါ ချောဆွဲထားကြောင်း ဒေသခံများက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ မုံရွာ-မန္တလေးလမ်း၊ မအူဂိတ်ကနေ ချောင်းဦးမြို့နယ်ကျော်တဲ့အထိ စစ်တပ်က လမ်းတလျှောက်လုံး ကင်းချထားပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ မိုင်းဆင်းရှာခိုင်းတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ကားပေါ်လိုက်ပါလာတဲ့ ကျား၊မ အားလုံး ကားပေါ်ကနေ အကုန်ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေတယ်”လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် မအူဂိတ်ကနေ ပြည်သူတွေရဲ့(၆)ဘီးကား၂စီးကိုလည်း ချောဆွဲထားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဂွေးပင်တောကျေးရွာက စစ်ကောင်စီတပ်ကလည်း ခရီးသွားယာဥ်တွေကို တားဆီးထားတာကြောင့် ဒီကနေ့ နေ့လယ်ပိုင်းအထိ လမ်းပိတ်နေပြီး ကားတွေစောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီယာဥ်တွေဟာ စစ်ကိုင်းမြို့ကနေလည်း မုံရွာ-မန္တလေးလမ်းအတိုင်း အုန်းတောဘက် ထွက်လာပြီး ဘယ်ဒေသကို ဦးတည်နေတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံအချို့က ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်ယာဥ်တွေ ဖြတ်သန်းချိန်တိုင်း မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတာကြောင့် ခရီးသွားတွေ စစ်ကောင်စီယာဥ်တန်းနဲ့ကပ်မလိုက်ဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။


















































