မက္ကဆီကို နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်ထွက်သွားရာက တစ်ဒါဇင်ကျော် သေဆုံးပြီး တစ်ရာနီးပါး ဒဏ်ရာရသွားခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိနေတဲ့ အော့ဆာကာ ဒေသမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ရထားမတော်တဆမှု ဖြစ်ခဲ့တာပါ။ မက္ကဆီကို ပင်လယ်ကွေ့နဲ့ ပစိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်းကြားကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ ရထားလမ်းပေါ် ခုတ်မောင်းနေခဲ့တဲ့ ရထားပေါ်မှာ ခရီးသည် ၂၄၁ ဦးနဲ့ အမှုထမ်း ၉ ဦး လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းထိ အခြေအနေအရ သေဆုံးသူ ၁၁ ဦး ရှိခဲ့ပြီး ၉၈ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အဲဒီထဲက ၃၆ ဦးဟာ အတွင်းလူနာအဖြစ် ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်း ကူညီခဲ့တဲ့ မက္ကဆီကို ရေတပ်က ပြောပါတယ်။
နီဇန်ဒါမြို့နားက လမ်းကွေ့တစ်နေရာမှာ ရထား တိမ်းမှောက်ခဲ့တာဖြစ်ပြီး အကြောင်းရင်းကိုတော့ စုံစမ်း စစ်ဆေးနေဆဲလို့ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဆေးရုံတက်နေရသူတွေထဲက ၅ ဦးရဲ့ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းက ပြောပါတယ်။ သူက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ထိပ်တန်း အစိုးရ အရာရှိတွေကို အော့ဆာကာ ပြည်နယ်ဆီ စေလွှတ်ထားကြောင်း ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ရထားမှာ စက်ခေါင်းနှစ်ခုနဲ့ ခရီးသည်တင် ရထားတွဲ ၄ ခု ပါဝင်တယ်လို့ သိရပါတယ်။ အော့ဆာကာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာလိုမွန် ဂျာရာခရုဇ်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် အထူးဝမ်းနည်း ကြေကွဲမိကြောင်း ကြေညာခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ပြည်နယ် အစိုးရ အရာရှိတွေက ဖက်ဒရယ် အစိုးရ အာဏာပိုင်တွေနဲ့ ပူးပေါင်း ကူညီပေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရထားတိမ်းမှောက်မှု ဖြစ်ခဲ့တဲ့ ရထားလမ်းသစ်ကို ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အရှိန်အဟုန် မြှင့်တင်နိုင်စေဖို့ ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က စတင်ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
ကိုးကား: BBC


















































