မှန်ကန် သင့်တော်တဲ့ အချိန်ကာလ တစ်ခုရောက်ရင် ဗင်နီဇွဲလားရဲ့ ရွေးကောက်ခံ သမ္မတ ဖြစ်လာဖို့ ရည်မှန်းထားကြောင်း အတိုက်အခံခေါင်းဆောင် ပူပူနွေးနွေး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာရီယာ ကော်ရီနာ မာချာဒိုက ပြောကြားခဲ့ပါတယ်။
မာချာဒိုဟာ ဗင်နီဇွဲလား ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်ဘဲ အပတ်တကုတ် အားထုတ်ခဲ့တဲ့အတွက် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပါတယ်။ အမေရိကန်က ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အင်အားသုံး ဖယ်ရှားလိုက်တဲ့ နောက်မှာတော့ မာချာဒိုဟာ နှစ်နဲ့ချီ လျှို့ဝှက် ပုန်းအောင်းနေရာကနေ လူမြင်ကွင်းထဲ ပြန်လည် ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မာဒူရိုကို ဖမ်းဆီးစေခဲ့တဲ့နောက် မာချာဒို အပါအဝင် အတိုက်အခံ အင်အားစုတွေကို အစိုးရ ဖွဲ့စည်းနိုင်အောင် ကူညီဖွယ်ရှိကြောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပေမယ့် လက်တွေ့မှာတော့ အဲဒီ ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု အစုအဖွဲ့တွေကို မျက်ကွယ်ပြုပြီး မာဒူရိုရဲ့ ဒုတိယ သမ္မတဖြစ်ခဲ့သူ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်ရဲ့ ယာယီအစိုးရကို လက်ခံခဲ့ပါတယ်။
အခုသီတင်းပတ်မှာတော့ မာချာဒိုဟာ ဝါရှင်တန်ဒီစီ မြို့တော်ဆီ ရောက်ရှိလာခဲ့ပြီး အိမ်ဖြူတော်မှာ ထရမ့်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ဗင်နီဇွဲလား နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် အားတက်သရော ကူညီတဲ့ ထရမ့်ကို ကျေးဇူးတင်တဲ့ အနေနဲ့ သူ့ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုတံဆိပ်ကိုပါ မာချာဒိုက လက်ဆောင်ပေးခဲ့ပြီး ထရမ့်ကလည်း လက်ခံခဲ့ပါတယ်။

Public Service Announcement
မာဒူရိုကို ဖယ်ရှားပြီးတဲ့နောက်မှာ သူက အများမျှော်လင့်သလို သမ္မတ ဖြစ်မလာတဲ့အတွက် စိတ်မပျက်ကြောင်း မာချာဒိုက ထရမ့်နဲ့ တွေ့ဆုံအပြီး Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ သင့်တော် မှန်ကန်တဲ့ အချိန်တစ်ခုရောက်ရင် သူဟာ ဗင်နီဇွဲလား သမ္မတအဖြစ် ရွေးကောက်ခံရပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း မာချာဒိုက ဆိုပါတယ်။ သူ့ရဲ့ မှတ်ချက် စကားအရ လက်ရှိ ယာယီ သမ္မတ တာဝန်ကို ယူထားသူ အမျိုးသမီး တစ်ဦးဖြစ်တဲ့ ရိုဒရီဂွတ်ဇ်ကို တရားဝင် သမ္မတတွေ စာရင်းထဲ ထည့်သွင်း တွက်ချက်မထားတဲ့ သဘောပဲ ဖြစ်ပါတယ်။
၂၀၂၄ ရွေးကောက်ပွဲမှာ မာဒူရိုဟာ မသမာတဲ့ နည်းလမ်းတွေနဲ့ မဲလိမ်၊ မဲခိုးပြီး အနိုင်ယူခဲ့တယ် ဆိုတာကို မာချာဒိုရဲ့ အတိုက်အခံ အင်အားစုတွေက အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြခဲ့ပြီး အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း သဘောတူ ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ မာဒူရိုကို ဖယ်ရှားပြီးတဲ့ အချိန်မှာတော့ ထရမ့်က မာချာဒိုဟာ ဗင်နီဇွဲလား ပြည်သူတွေဆီက လုံလောက်တဲ့ ထောက်ခံမှုမျိုး မရသေးဘူးလို့ ပြောခဲ့ပြီး သူ့ရဲ့ တောင်းဆိုမှုတွေကို အလျှော့ပေး လက်ခံခဲ့တဲ့ မာဒူရိုရဲ့ လက်ရုံး ရိုဒရီဂွတ်ဇ်ရဲ့ ယာယီ အစိုးရကို လက်ခံပေးခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၈ နှစ်အရွယ် မာချာဒိုကတော့ သူဟာ နိုင်ငံအတွက် အသုံးအတည့်ဆုံး တာဝန်ထမ်းဆောင်ပေးလိုကြောင်း၊ သူ့မှာ ပြည်သူက အပ်နှင်းထားတဲ့ ယုံကြည်မှုနဲ့ တာဝန်တွေ ရှိနေပြီးသားလို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။
ထရမ့်ဆီ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုတံဆိပ်ကို လက်ဆောင်ပေးခဲ့တာနဲ့ ပတ်သက်လို့လည်း မာချာဒိုက ထရမ့်နဲ့ တကယ် ထိုက်တန်ကြောင်း၊ ပြီးတော့ လက်ဆောင်ပေးရတဲ့ အချိန်ကလည်း စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ကြောင်း၊ ဗင်နီဇွဲလား ပြည်သူတွေကိုယ်စား နိုဘယ်လ် ငြိမ်းချမ်းရေး ဆုတံဆိပ်ကို ထရမ့်ဆီ သူက ပေးအပ်ခဲ့ကြောင်း မာချာဒိုက ဆိုပါတယ်။
နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီကတော့ နိုဘယ်လ်ဆုရှင်တွေ ဆိုတာဟာ ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း အတည်သာဖြစ်ကြောင်း ကြေညာခဲ့ပြီး ဆုတံဆိပ်ကို လက်ဆောင်ပေးလို့ ရပေမယ့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ကိုယ့်သဘောနဲ့ကိုယ် လွှဲပြောင်းပေးတာမျိုး လုပ်ခွင့်မရှိကြောင်း ရှင်းလင်းခဲ့ပါတယ်။
ကိုးကား: Fox


















































