ဖေဖော်ဝါရီ-၁၆၊ ၂၀၂၆ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းမှာဖွင့်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေအားလုံး မနက်ဖြန်ကစပြီးပိတ်ဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီပဲယင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ ပကဖ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များအားလုံး မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ဆက်လက်ဖွင့်လှစ်ခြင်း မပြုလုပ်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ ဆက်ဖွင့်ထားရင် ကိုယ့်တာဝန်သာဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးပါတယ်။

Public Service Announcement
ဒီပဲယင်းမြို့နယ်အတွင်းမှာ ငွေကောက်ခံတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်အချို့ဟာ ငွေကြေးပြဿနာတွေဖြစ်ပွားတာ၊ လူထုအသွားအလာခက်ခဲတာ၊ အခွန်ကရတဲ့ငွေနဲ့ ဒေသဖွံံံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မှုအားနည်းတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
“ပိုက်ဆံကောက်တဲ့ ဂိတ်တွေ ပိတ်တာ ကောင်းပါတယ်။ လုံခြုံရေးဂိတ်တော့ ရှိသင့်ပါတယ်။ ပိုက်ဆံဂိတ်တွေက ငွေကြောင့် ပြဿနာတတ်ပြီးတော်လှန်ရေးထိခိုက်တာတွေ များပါတယ်။ ၈၀ ရာခိုင်နှုန်းက ပြဿနာတွေ ဖြစ်တာ များပါတယ်။ လူထုနဲ့ဖြစ်စေ တော်လှန်ရေး အဖွဲ့ချင်းဖြစ်စေ ပြသနာ ခဏခဏ ဖြစ်ကြပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒီပဲယင်းပကဖကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခွန်ငွေပေးဆောင်ရတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာကော တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာပါ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ရင်ဆိုင်နေရတဲ့ဒေသဖြစ်ပြီး ဒီနှစ် နှစ်ဆန်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ရက်ညကပဲ ဒီပဲယင်းမြို့နယ် ဘုတ္တန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ၃၀နီးပါးပျက်စီးမှုရှိခဲ့ပါတယ်။


















































