Connect with us

Hi, what are you looking for?

သတင်း

VOA ဝန်ထမ်း ၁,၀၀၀ကျော် လုပ်ငန်းခွင် ပြန်ဝင်ဖို့ တရားရုံး အမိန့်ချမှတ်

အမေရိကန် ဝါရှင်တန်ဒီစီရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အမေရိကန်အသံ-VOA ဝန်ထမ်း ၁,၀၄၂ ဦးကိုမတ်လ ၂၃ရက်(လာမယ့်တနင်္လာနေ့) နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

VOA ရုံးတစ်ရုံးကို​တွေ့ရစဥ်။ဓါတ်ပုံ-AP

မတ်-၁၉၊ ၂၀၂၆။ သော်မွန်/People’s Spring

အမေရိကန် ဝါရှင်တန်ဒီစီရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အမေရိကန်အသံ-VOA ဝန်ထမ်း ၁,၀၄၂ ဦးကိုမတ်လ ၂၃ရက်(လာမယ့်တနင်္လာနေ့) နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

မတ်လ ၁၇ရက်မှာချမှတ်ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်တရားသူကြီးရဲ့ အမိန့်နဲ့ပတ်သက်လို့ ထရမ့်အစိုးရဘက်က အယူခံဝင်၊​မဝင်နဲ့ ဘယ်လိုတုန့်ပြန်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ VOA မြန်မာပိုင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သမ္မတဒေါ်နယ်ထရမ့် တက်လာအပြီးလပိုင်းအကြာ ၂၀၂၅ မတ်လမှာ VOA ဝန်ထမ်း ၁,၅၀၀ နီးပါးထဲက ၄၀၀ ကျော်ကို အလုပ်ရပ်နားခဲ့ပြီး ၁,၀၀၀ ကျော်ကိုတော့ လစာနဲ့ ခွင့်ပေးခဲ့ပါတယ်။ အဲဒီဝန်ထမ်း ၁,၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက်ခွင့် မရကြသေးပါဘူး။

Public Service Announcement

Public Service Announcement

၂၀၂၅ မတ်လထဲမှာပဲ VOA ဝန်ထမ်းတွေက သမ္မတထရမ့်ခန့်အပ်တဲ့ USAGM(အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာမီဒီယာအေဂျင်စီ)အကြီးအကဲ ကာရီလိတ်ကို တရားစွဲဆိုခဲ့ပါတယ်။ USAGM ဟာ VOA နဲ့လွတ်လပ်တဲ့အာရှအသံ(RFA)တို့အပါအဝင် အဖွဲ့အစည်း ၆ခုကို ကြီးကြပ်ကွပ်ကဲပြီး ဘဏ္ဍာငွေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

VOA ဝန်ထမ်းတွေ တရားစွဲဆိုထားတဲ့ ပြီးခဲ့တဲ့တစ်နှစ်အတွင်း တရားရုံးက ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ဖို့နဲ့ USAGM အကြီးအကဲ ကာရီလိတ်(ဒုတိယအမှုဆောင်အရာရှိချုပ်) လုပ်ဆောင်သမျှက တရားဝင်မှုမရှိကြောင်း အမိန့်တွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းထရမ့်အစိုးရက တရားရုံးရဲ့အမိန့်ကို အယူခံဝင်တာ၊ အပြန်အလှန်လျှောက်လဲချက် ပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အခုတကြိမ် မတ်လ ၁၇ရက် ဖက်ဒရယ်တရားသူကြီးရဲ့ အမိန့်မှာတော့ အရင်အကြိမ် အမိန့်ချမှတ်မှုတွေနဲ့ ကွဲပြားပြီး ဝန်ထမ်းတွေ အားလုံး အလုပ်ပြန်ဆင်းရမယ့်ရက်ကို သတ်သတ်မှတ်မှတ် ချမှတ်ပေးလိုက်တယ်လို့ VOA ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“အရင်စီရင်ချက်တွေနဲ့ မတူတာက ဒီစီရင်ချက်မှာကျတော့ ဘယ်နေ့ ဘယ်ရက်မှာ အလုပ်ပြန်ဆင်းစေဆိုတာ ပါတယ်။ အရင်တုန်းက အဲဒါတွေ မပါဘူး။ အခုကတော့ အတိအကျ၊ ဘယ်နေ့ ဘယ်ရက်မှာ ဝန်ထမ်းတွေ အားလုံး အလုပ်ပြန်ဆင်း ရမယ်ဆိုပြီးတော့ သတ်မှတ်ပေးလိုက်တယ်ဆိုတော့ ပိုပြီးထူးခြားတာပေါ့”လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။

လက်ရှိမှာ VOA တာဝန်ရှိသူတွေက ဝန်ထမ်းတွေ ရုံးပြန်တက်နိုင်ဖို့အတွက် စီစဥ်နေကြပြီး ထရမ့်အစိုးရက ရုံး ပြန်ဖွင့်ပေး၊ မပေးကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်က ချမှတ်လိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကြောင့်VOAဝန်ထမ်းတွေရုံးပြန်တက်ရဖို့ အလားအလာပိုများသွားတယ်လို့ဝန်ထမ်းတွေကသုံးသပ်ထားပါတယ်။

ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်သမ္မတဖြစ်အပြီး ၂လခန့်အထိ ဝါရှင်တန်ဒီစီက VOA ရုံးမှာ သတင်းအချက်အလက်တွေကို မြန်မာဘာသာအပါအဝင် ကမ္ဘာတဝန်းရှိ ဘာသာစကား ၄o ကျော်နဲ့ ရေဒီယို၊ တီဗီနဲ့ ဒီဂျစ်တယ်အစီအစဥ်တွေ နေ့စဥ် ထုတ်လွှင့်နေခဲ့တာပါ။

လက်ရှိမှာတော့ ဌာနအနည်းငယ်ကလွဲလို့ မြန်မာဌာနအပါအဝင် ဌာနအများစုက လုပ်ငန်းခွင် ပြန်မဝင်နိုင်သေးပါဘူး။ဒါပေမဲ့အမေရိကန်ကွန်ဂရက်(လွှတ်တော်)က ၂၀၂၆ ဇန်နဝါရီမှာ အတည်ပြုချပေးခဲ့တဲ့ ဘတ်ဂျက်မှာ VOA အတွက် ဒေါ်လာ ၁၉၉.၅ သန်းအပါအဝင် USAGM တစ်ခုလုံးအတွက် ဒေါ်လာ ၆၄၃ သန်း ဖြစ်ပါတယ်။ အဲဒီဘတ်ဂျက်ကို ထရမ့်အစိုးရက ဘယ်လို ပြန်သုံးမလဲဆိုတာ တိတိကျကျ မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းသမ္မတထရမ့်က USAGM ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်လို့ အပြောင်းအလဲ ပြုလုပ်နေပြီး USAGM အမှုဆောင်အရာရှိချုပ်(CEO)နေရာအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဆာရာရော်ဂျာကို ခန့်အပ်ဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။

USAGM CEO နေရာခန့်အပ်ဖို့က အမေရိကန်အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုအပ်ပြီး အတည်ပြုချက်ရရှိမှသာ ဆာရာရော်ဂျာက တရားဝင် အမှုဆောင်အရာရှိချုပ်ဖြစ်လာမှာပါ။ အဲဒီလို အထက်လွှတ်တော်ရဲ့အတည်ပြုချက် ရရှိဖို့ စောင့်ဆိုင်းနေစဥ်မှာပဲ ဝါရှင်တန်ဒီစီ တရားရုံးက ဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်ဖို့အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် အစိုးရ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ သတင်းဌာနတွေရဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားရုံး တစ်ခုက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှု ရရှိထားရာ အမေရိကန် အသံ (VOA) သတင်းဌာနရဲ့ စာချုပ် ဝန်ထမ်းတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက အလုပ်ထုတ်ပယ်မှုတွေ စတင်နေပြီလို့ သိရပါတယ်။

နိုင်ငံတကာ

မြန်မာ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ သတင်းတွေ ဖော်ပြနေတဲ့ နိုင်ငံတကာ သတင်းဌာန နှစ်ခုဖြစ်တဲ့ အမေရိကန် အသံ (VOA)နဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA)တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ အကြီးအကျယ် ထိခိုက်သွားစေတဲ့ အမိန့် ညွှန်ကြားချက် တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က...

သတင်း

မြန်မာ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ သတင်းတွေ ဖော်ပြနေတဲ့ နိုင်ငံတကာ သတင်းဌာန နှစ်ခုဖြစ်တဲ့ အမေရိကန် အသံ (VOA)နဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA)တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ အကြီးအကျယ် ထိခိုက်သွားစေတဲ့ အမိန့် ညွှန်ကြားချက် တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က...