အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှု ရရှိထားရာ အမေရိကန် အသံ (VOA) သတင်းဌာနရဲ့ စာချုပ် ဝန်ထမ်းတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက အလုပ်ထုတ်ပယ်မှုတွေ စတင်နေပြီလို့ သိရပါတယ်။
VOA အပါအဝင် အမေရိကန် မီဒီယာ တချို့ကို ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ အစိုးရ အေဂျင်စီ လုပ်ငန်းတွေနဲ့ အသုံးစရိတ်တွေကို အနိမ့်ဆုံးအဆင့် ဖြတ်တောက် လျှော့ချဖို့ ထရမ့်က လက်မှတ်ရေးထိုး အမိန့်ထုတ်ခဲ့ပြီး တစ်ရက်အကြာ မတ်လ ၁၆ ရက်နေ့မှာ VOAရဲ့ စာချုပ် ဝန်ထမ်းတွေဆီ အလုပ်ရပ်စဲကြောင်း အီးမေးလ်တွေ စတင် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
လုပ်ငန်း လည်ပတ်မှုတွေ စတင်ရပ်ဆိုင်းသွားတဲ့ နေ့မှာ VOA ဝန်ထမ်းအားလုံးကို ရုတ်တရက် ခွင့်သတ်မှတ်ပေးခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ နိုင်ငံခြားသား အများစု ပါဝင်တဲ့ စာချုပ် ဝန်ထမ်းတွေဆီ အလုပ်ရပ်နားမှု အကြောင်းကြား အီးမေးလ်တွေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ AFP သတင်းဌာနဟာ စာချုပ် ဝန်ထမ်း တချို့ဆီ ရောက်လာတဲ့ အီးမေးလ်တွေကို မျက်မြင် အတည်ပြုခွင့် ရခဲ့ရာမှာ မတ်လကုန်ကျရင် အလုပ်ရပ်နားစေမယ်လို့ အသိပေးထားတာ တွေ့ခဲ့ရပါတယ်။
ဝန်ထမ်း အသီးသီးဟာ လက်ရှိ အလုပ်တွေကို ချက်ချင်း ရပ်နားရမှာဖြစ်ပြီး သတင်းအေဂျင်စီရဲ့ အဆောက်အအုံနဲ့ စနစ်တွေကို ဝင်ရောက်ခွင့်ကနေ တားမြစ်လိုက်တယ်လို့လည်း အီးမေးလ်ထဲမှာ ရေးသားထားပါတယ်။

Public Service Announcement
VOA ဝန်ထမ်း အများအပြားဟာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့ တခြား နိုင်ငံအလိုက် ဌာနခွဲတွေမှာ အလုပ်လုပ်နေသူတွေ ဖြစ်ကြပါတယ်။ လက်ရှိ အချိန်ထိ အလုပ်ရပ်နားခံရကြောင်း အကြောင်းကြားစာ ပေးပို့ခံရတဲ့ ဝန်ထမ်း အရေအတွက် ဘယ်လောက် ရှိနေပြီလဲ ဆိုတာကို မသိရသေးပါဘူး။ စာချုပ်ဝန်ထမ်း အများအပြားဟာ အမေရိကန် နိုင်ငံသားတွေ မဟုတ်ကြတဲ့အတွက် မကြာခင် ပျောက်ပျက်သွားတော့မယ့် အလုပ်အကိုင် နေရာနဲ့အတူ အမေရိကန်မှာ ဆက်လက် နေထိုင်ခွင့် ဗီဇာအပေါ်မှာလည်း သက်ရောက် ထိခိုက်မှုတွေ ကြုံလာနိုင်ခြေ ရှိနေပါတယ်။
VOAရဲ့ အချိန်ပြည့် ဝန်ထမ်းအများစုကတော့ ဥပဒေကြောင်းအရ ပိုပြီး အားကောင်းတဲ့ အကာအကွယ် အောက်မှာ ရှိနေသလို လောလောဆယ် အလုပ်ထုတ်ပယ်တဲ့ အီးမေးလ်တွေ သူတို့ဆီ ရောက်မလာသေးပါဘူး။ ဒါပေမဲ့ အလုပ်ခွင်ကနေ အနားပေး ခံထားရပြီး အလုပ်ဆက်မလုပ်ကြဖို့လည်း ညွှန်ကြား ခံထားရပါတယ်။
VOAဟာ နာဇီ ဂျာမနီရဲ့ ဝါဒဖြန့်မှုတွေကို တန်ပြန်ဖို့ ဒုတိယ ကမ္ဘာစစ်ကာလတုန်းက စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး မျက်မှောက် ကာလမှာတော့ မြန်မာ အပါအဝင် ဘာသာစကား ၄၉ မျိုးနဲ့ သတင်းတွေ ထုတ်လုပ်နေခဲ့ပါတယ်။ ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံတွေအထိ VOAရဲ့ သတင်းတွေဟာ ပျံ့နှံ့ ရောက်ရှိနိုင်ခဲ့ပြီး ဒီမိုကရေစီ စနစ်ရဲ့ သဘောတရားတွေကို အမေရိကန်က ပြည်ပကို တင်ပို့ရာမှာ အရေးပါတဲ့ ယန္တရား တစ်ခု ဖြစ်ခဲ့ပါတယ်။
သတင်းလွတ်လပ်ခွင့်နဲ့ သတင်းတု သတင်းမှားတွေအကြောင်း အထူးပြုပြီး သတင်းရေးသားလေ့ရှိသူ VOA သတင်းထောက် လီယမ်စကော့က သူ့ဆီကိုလည်း မတ်လ ၃၁ ရက်နေ့မှာ အလုပ်ထုတ်မယ့် အီးမေးလ် ရောက်ရှိထားပြီး ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
VOAနဲ့ မိတ်ဖက် သတင်းဌာနတွေကို ဖျက်သိမ်းနေတဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ အစိုးရကို တစ်စစီ ဖြိုနေတဲ့ နောက်ထပ် အားထုတ်မှု တစ်ခု ဖြစ်တဲ့အပြင် ထရမ့်အစိုးရက မီဒီယာတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာတဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ထရမ့်ရဲ့ အမိန့်ဟာ VOAရဲ့ မိခင်ဌာနလို့ ဆိုနိုင်တဲ့ အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ (USAGM)ရဲ့ လုပ်ငန်း အားလုံးကို ဥပဒေက ခွင့်ပြုတဲ့ အဆင့်ထိ အနည်းဆုံး အရင်းအမြစ်မျိုးနဲ့ လည်ပတ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ USAGMဟာ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် စာရင်းအရ ဝန်ထမ်း ၃၄၀၀ နီးပါး ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် လျာထား ဘတ်ဂျတ် ဒေါ်လာ သန်း ၉၅၀ နဲ့ လည်ပတ်နေခဲ့တာပါ။
ထရမ့်ရဲ့ အမိန့်အရ USAGMဟာ Reuters၊ AFP၊ APတို့လို သတင်းဌာနကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ်တွေကိုပါ မဖြစ်မနေ ရပ်တန့်ခဲ့ရပါတယ်။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ လွတ်လပ်တဲ့ အမေရိကန် မီဒီယာတွေအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပြီး တစ်ဖက်မှာတော့ ထရမ့်ဟာ သတင်းရယူပိုင်ခွင့်တွေကို ပိုပြီး ပိတ်ပင် တားဆီးဖို့ ကြိုးစားလာပါတယ်။
ဥပမာအားဖြင့် အိမ်ဖြူတော်မှာ သတင်းယူရေး လုပ်ပိုင်ခွင့်ကို အစိုးရက လက်လွှဲယူခဲ့သလို ထရမ့်ရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး သတင်းရေးသားတဲ့ APလို သတင်းဌာနမျိုးကို ထရမ့်ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေကနေ လိုက်ပါခွင့် ပိတ်ပင်တာမျိုးတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ဟာ သူ့အကြိုက်လိုက်ပြီး ကြိုတင် ဇာတ်တိုက်ထားတဲ့ မေးခွန်းမျိုးတွေ မေးလေ့ရှိတဲ့ သတင်းသမားတွေကိုလည်း အတွင်းစည်းထဲ ခေါ်ယူထားရှိလာခဲ့ပါတယ်။
USAGMရဲ့ အကြီးအမှူး နေရာကို ထရမ့်ရဲ့ သစ္စာတော်ခံ တစ်ယောက်လို ဆိုနိုင်တဲ့ သတင်းကြေညာသူဟောင်း ကာရီလိတ်ခ်က လက်လွှယူဖိုလည်း စီစဉ်နေပါတယ်။ လိတ်ခ်ဟာ USAGMဟာ နိုင်ငံခြား သူလျှိတွေပါ ခြေရှုပ်နေပြီး အမေရိကန် ပြည်သူတွေအတွက် အင်မတန် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့၊ ဘယ်လိုနည်းနဲ့မှ အဖတ်ဆယ်လို မရတော့တဲ့ အပုပ်အသိုးကြီးလိုတောင် ပြစ်ပြစ်နှစ်နှစ် ဝေဖန်ထားခဲ့ပါတယ်။
ကိုးကား: AFP
