မတ်-၂၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်းက တညောင် လျှပ်စစ်ဓာတ်အားခွဲရုံမှ ကပစ (၂၁)သွယ်တန်းထားတဲ့ မီးတိုင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြိုဖျက်ခဲ့ရာ ပြန်လည်ပြုပြင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ခန့်နဲ့ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့ပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရိက္ခာလာပို့တဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီတိုက်ပွဲမှာ ဆုတ်ခွာပြေးတဲ့ စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေ ထပ်မံနင်းမိလို့ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း စလင်းပကဖက ထုတ်ပြန်ပါတယ်။

Public Service Announcement
မတ်လ ၁၆ ရက်မှာ မီးတိုင်တွေ ပြုပြင်ပြီးနောက် ပြန်လည်ဆုတ်ခွာဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို စလင်း ပကဖဇုန် (၃)နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အလစ်အငိုက် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရပြီး ဆုတ်ခွာသွားခဲ့တယ်လို့ စလင်းပကဖက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ် ထောင်ထားတဲ့ ခြေနင်းမိုင်း ၃၀ခန့်ကို တူးဖော်သိမ်းဆည်းရမိခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသုံးစွဲထားတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရကြောင်း စလင်းပကဖက ထပ်မံ အသိပေးပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို စလင်းမြို့နယ် (ပကဖ)၊ စလင်း (ပကဖ) ဇုန် ၃၊ မင်းဘူးခရိုင် တပ်ရင်း (၁)၊ Ayar Brother LPDFနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စလင်းပကဖအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဆန်းကို ဆက်သွယ်မေးမြန်းဖို့ ဖုန်းခေါ်ဆိုခဲ့ပေမဲ့ လက်တလောပြန်လည်ဖြေကြားမှု မရှိသေးပါဘူး။
အဲဒီစစ်ကြောင်းဟာ ပခုက္ကူ တပ်မ (၁၀၁)က ဖြစ်ပြီး ၎င်းတို့ဆုတ်ခွာချိန် ရွာထဲပြန်ဝင်တဲ့ ရွာခံအမျိုးသားတစ်ဦး မိုင်းထိခဲ့ကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့က ပြောပါတယ်။
“လက်ရှိ မကွေးဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။ ကျန်တဲ့ပြည်သူတွေကို လောလောဆယ်တော့ ဒေသခံကာကွယ်ရေးတပ်တွေက ရွာထဲကို အဝင်မခံသေးဘူး”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လျှပ်စစ်မီးတိုင်တွေသာ စိုက်ခဲ့ပြီး မီးကြိုးတွေ မတပ်ဆင်ရသေးတာကြောင့် နောက်တစ်ကြိမ်ပြန်လာမှာကို ရွာခံပြည်သူတွေ စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စည်ဆွဲကျေးရွာအထိုင်ချခဲ့တဲ့ကာလအတွင်း ကျေးရွာအတွင်းရှိ တန်ဖိုးရှိပစ္စည်းတွေယူဆောင်တာ၊ ကြက်၊ဝက်တွေ ဖမ်းဆီးစားသောက်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် ရပ်ရွာအတွင်းရှိ လျှပ်စစ်မီးကြိုးတွေကိုပါ ဖြတ်တောက်ပစ်ခဲ့တယ်လို့ ပြည်သူ့ညီနောင် – စလင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း စည်ဆွဲကျေးရွာမှ အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ သန်းကုန်းကျေးရွာကနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

















































