ဒီဇင်ဘာ-၂၃၊၂၀၂၅။မိုမို/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးရဲဘော်သုံးဦးက ပြောပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၂၃ရက်) မနက်အစောပိုင်းကစလို့ စလင်းမြို့နယ်က စစ်ကောင်စီတပ် ဂိတ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
“ဆင်ဖြူကျွန်းက စကစ အထိုင်စခန်းရော၊ ဂိတ်တွေကိုပါ ရဲဘော်တွေ ဝင်စီးနေတာ”လို့ စလင်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒီကနေ့ မနက် ၁၁နာရီအထိ စလင်းမြို့နယ်ကတိုက်ပွဲအတွင်းကို စစ်ကောင်စီက မကွေးလေတပ်စခန်းကနေ ဂျက်ဖိုက်တာ အပါအဝင် စက်တပ်လေထီးတွေနဲ့ လေကြောင်းပစ်ကူဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲ ဖြစ်နေတာဟုတ်တယ်”လို့ စလင်း ပကဖတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လေကြောင်း၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေ အနီးရွှေ့ ပြောင်းကြဖို့နဲ့ ဦးတည်ရာမဲ့ ပြေးလွှားခြင်းတွေမလုပ်ဖို့ စလင်းမြို့နယ် ပအဖက ဒီကနေ့ မနက်အစောပိုင်းက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အသင့်စားသုံးနိုင်တဲ့ အစားအသောက်၊ရေ၊ဆေးဝါး၊အရေးကြီးစာရွက်စာတမ်း၊ရွှေ၊ငွေ၊ဖုန်း၊တို့ကိုပါ အဆင်သင့်သယ်ဆောင်ထားရှိဖို့လည်း တိုက်တွန်းထားပါတယ်။
အခုနှစ် ဇူလိုင်က စလင်းမြို့နယ်၊တညောင်တိုက်နယ် ရဲစခန်းကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို စစ်ကောင်စီတပ်က အခုနှစ်ဆန်းပိုင်းကတည်းက အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ပခုက္ကူမြို့အခြေစိုက်တပ်မ (၁၀၁) နဲ့ မကွေးမြို့အခြေစိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅) တပ်ရင်းတွေကို စလင်းမြို့နယ်မှာ အင်အားဖြည့်ထားပါတယ်။
စလင်းမြို့နယ်က မကွေးတိုင်းအနောက်ဘက်ခြမ်းမှာရှိပြီး ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နဲ့ စေတုတ္တရာမြို့နယ်တွေနဲ့ ထိစပ်နေပါတယ်။


















































