မတ်လ-၂၆၊၂၀၂၆။People’s Spring
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေးအင်အားစုများ နဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများက အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စီစဉ်ထားတဲ့ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့မှာတပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲကိုယနေ့ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို မတ်လ ၂၆ ရက် တောင်ကိုရီးယားစံတော်ချိန် ညနေ ၅နာရီမှ ည ၈ နာရီအချိန်ထိ ပြုလုပ်ခဲကြတာဖြစ်ပါတယ် ။
ဆန္ဒပြပွဲမှာနွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းတွေကအယောက် ၄၀ကျော် ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချတဲ့ ပိုစတာတွေ၊ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီးတော့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ် ။

Public Service Announcement
ဆန္ဒပြပွဲအတွင်း အဓိကအချက် ၃ ချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။
မတ်လ ၂၇ ရက်နေ့ဟာ မူလက ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်ပြီး စစ်တပ်က တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲပြီးတော့ ပြည်သူတွေကို ပြန်လည်နှိပ်ကွပ်ရန် အသုံးချနေခြင်းအပေါ် ဖက်ဆစ်နယ်ချဲ့တော်လှန်ရေး သမိုင်းတခုလုံးနဲ့ ပြည်သူလူထုတရပ်လုံးကို စော်ကားတဲ့လုပ်ရပ် အဖြစ် သတ်မှတ်ပြီး အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြပါတယ် ။
ဒါအပြင် ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်စစ်တပ်က အကာအကွယ်မပေးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အတွက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ‘အကြမ်းဖက်အဖွဲ့’ အဖြစ်သာ သတ်မှတ်ကြောင်းလည်းဖော်ပြပါတယ် ။
တတိယမြောက်အချက်ကတော့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ထံ လက်နက်နဲ့ လေယာဉ်ဆီ ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ရန် နဲ့ စစ်ရာဇဝတ်ကောင်များကို ICC မှာ အမြန်ဆုံး အရေးယူပေးရန် စတဲ့အချက်များကို အလေးအနက် တောင်းဆိုခဲကြပါတယ် ။
ဒီနေ့ဆန္ဒပြပွဲသို့ ကိုရီးယားရောက် မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီအရေးကို ဝန်းရံနေကြသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ မနက်ဖြန်မတ်လ ၂၇ ရက် (သောကြာနေ့)မွန်းလွဲ ၁ နာရီမှာလည်း မြန်မာစစ်သံရုံး ရှေ့မှာသတင်းစာရှင်းလင်းပွဲနဲ့ စစ်အုပ်စုအပေါ်ကန့်ကွက်မှုများဆက်လက် ပြုလုပ်သွားမယ်လို့သိရပါတယ် ။
























































