ဧပြီ-၁၇၊၂၀၂၆။မိုမို/People’s Spring
ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။
ဒီကနေ့(ဧပြီ ၁၇ရက်)မြန်မာနှစ်သစ်ကူးအထိမ်း အမှတ်နဲ့ လူသားချင်းစာနာထောက်ထားပြီး အကျဥ်းသား/အကျဥ်းသူ ၂၅ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်ရရှိသူ ၂၀၉ဦးကို ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
“လွတ်ငြိမ်းချမ်းသာခွင့် ၂၅ဦးက အရပ်သားတွေ ဖြစ်တယ်။လွတ်ငြိမ်းသက်သာခွင့်မှာက စစ်သုံ့ပန်းတွေ ပါပါတယ်။တစ်လတာ လွတ်ငြိမ်းသက်သာခွင့် ၊နှစ်လတာ၊သုံးလတာ စသဖြင့် လျှော့ပေါ့ပေးခဲ့တယ်”လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဒီကနေ့ IECရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးခဲ့သူ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်တွေထက် ပိုများတယ်လို့ သိရပါတယ်။
၂၀၂၅ဇွန်လ ၂၁ရက်က အကျဉ်းသူ၊ အကျဉ်းသား ၁၇၆ ဦးနဲ့ ၂၀၂၄ ဇွန်လ ၂၁ရက်က ၁၁၇ဦးကို ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းသက်သာခွင့်ကို IECက ပေးခဲ့ဖူးပါတယ်။
ဒါ့အပြင် ကရင်နီတပ်ပေါင်းစုရဲ့ စစ်ဆင်ရေးတွေမှာကယ်ထုတ်ခဲ့ရတဲ့ Non-CDM လွိုင်ကော် တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ သူတို့မိသားစုဝင် ၁၀၀ ကျော်ကို IECဆုံးဖြတ်ချက်နဲ့ ၂၀၂၃က ပြန်လွှတ်ပေးခဲ့ပါသေးတယ်။
အရပ်သားအစိုးရအမည်ခံ အာဏာသိမ်းစစ်တပ် ကလည်း နိုင်ငံတဝှမ်းအကျဉ်းထောင်တွေက အကျဉ်း သား၊အကျဉ်းသူ ၄,၃၃၅ဦးကို ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
စစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအ ကျဉ်းသားတွေ ဘယ်လောက်ပါနိုင်လဲဆိုတာတော့ မသိရသေးပါဘူး။


















































