ဧပြီ-၂၉၊၂၀၂၆။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ဆီဆိုင်ရှေ့ ညအိပ်ရပ်နားထားတဲ့ တွဲကားတစ်စီးကို လူ ၃ဦးက ငှက်ကြီးတောင်ဓါးနဲ့ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီ ၂၉ ရက် မနက် ၃နာရီခန့်က ပျော်ဘွယ်မြို့နယ်၊ ဘုရားငါးဆူ – ပျော်ဘွယ်မြို့ရှောင်လမ်းက ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ကားတံခါး ပိတ်ပြီး ညအိပ်ရပ်နားနေတဲ့ ကုန်တင်တွဲကားတစ်စီးကို လူ၃ ဦးက ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း၊ ကားသမားတွေဆီက ဖုန်း ၃လုံး၊ ကျပ် ၈သိန်းဝန်းကျင်နဲ့ Kpay ၆ သိန်းပါသွားကြောင်း ဖြစ်စဥ်သိမြင်လိုက်သူတွေက ပြောပါတယ်။
“ငှက်ကြီးတောင်ဓားနဲ့ လူနှစ်ယောက် တံခါးနှစ်ဘက်ကနေ တတ်လာတာ။ တစ်ယောက်က အောက်မှာစောင့်နေတာ။ ဖိနပ်က အစ ယူသွားတာပါ။ ဆင်းခါနီး တစ်ယောက်က ဟွန်းကို လက်နဲ့ဖိမိလို့ ကားအောက်က စပါယ်ယာ အကိုက နိုးလာတော့ထွက်ပြေးသွားတာ။”လို့ ဖြစ်စဥ်သိမြင်လိုက်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဓါးပြတွေဟာ လူငယ်ပိုင်းတွေလို့ ယူဆရပြီး ကားသမားတွေဆီကနေ Kpay ပါ ဖုန်းရဲ့ ဖုန်း စကားဝှက်နဲ့ Kpay စကားဝှက်တွေကအစ တောင်းယူသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် ညကလည်း မိတ္ထီလာမြို့၊ မြို့ရှောင်လမ်းဆုံမှာ အိမ်စီးကားနဲ့စောင့်နေတဲ့ လူတစ်စုက ဖြတ်သန်းလာတဲ့ ယာဥ်တစ်စီးကို တားပြီး ယာဉ်မောင်းတစ်ဦးနဲ့ စပါယ်ယာတစ်ဦးထံကနေ ကျပ် ၁၀ သိန်း တောင်းယူသွားကြောင်း ငွေတောင်းခံလိုက်ရတဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း အဝေးပြေး ကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ယာဥ်တွေဟာ လမ်းခရီးမှာ ဓါးပြရန်ကြောက်နေရတာကြောင့် သုံးလေးစီး တစုတဝေးတည်း သွားလာနေရတယ်လို့ သိရပါတယ်။

















































