အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။
အတိုက်အခံ ဒီမိုကရက် ပါတီရဲ့ အမတ်တွေက အီရန်စစ်ပွဲမှာ အမေရိကန်က စစ်စရိတ် အများအပြား သုံးစွဲမှု၊ အသေအပျောက်နဲ့ ရုပ်ဝတ္ထု ဆုံးရှုံးတာတွေ ရှိခဲ့မှုကို အဓိက ထိုးနှက်ခဲ့ကြပြီး အီရန်ဟာ အမေရိကန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိဘဲ အမေရိကန် အစိုးရက စစ်တိုက်ခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။
ဧပြီ ၂၉ နဲ့ ၃၀ ကြားနာမှုတွေမှာတော့ ဟက်ဂ်ဆက်သ်က အဲဒီ စွပ်စွဲချက်တွေကို ပယ်ချသွားပြီး ဒီမိုကရက်တွေဟာ လွန်ခဲ့တဲ့ ၂ လအတွင်း အီရန်မှာ အမေရိကန် ရယူခဲ့တဲ့ စစ်ရေး အောင်မြင်မှုတွေကို မျက်ကွယ်ပြုထားခဲ့ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အီရန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်လာတာမျိုး လုံးဝမဖြစ်အောင် တားဆီးဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီလို့လည်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။
ဟက်ဂ်ဆက်သ်က ဒီမိုကရက်တစ်တွေဟာ အဆိုးမြင် ဝါဒီတွေလို့ စွပ်စွဲခဲ့သလို အမေရိကန်ဟာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ အစီအမံမျိုး မရှိဘဲ စတင်တိုက်ခိုက်ခဲ့ကြောင်း ဝေဖန်မှုတွေကို ငြင်းဆိုသွားခဲ့ပါတယ်။

Public Service Announcement
ဧပြီ ၃၀ ရက်နေ့မှာ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျက်ခ်ရိဒ်က ဟက်ဂ်ဆက်သ်နဲ့ အခြေအတင် ငြင်းခုံခဲ့ပြီး ထရမ့်အစိုးရ ဆင်နွှဲလိုက်တဲ့ စစ်ပွဲကြောင့် အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို ထိခိုက်စေခဲ့ကြောင်း၊ အထင်ရှားဆုံး ဥပမာအဖြစ် နိုင်ငံတကာ ရေနံတင်ပို့မှု အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားဟာ အခုအခါ ပိတ်ဆို့ခံထားရပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။
စစ်ပွဲကြောင့် အမေရိကန်စစ်သည် ၁၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို အမေရိကန် စစ်တပ်အပေါ် လူထုရဲ့ ယုံကြည်မှုကိုပါ ထိခိုက်စေခဲ့တယ်လို့လည်း ရိဒ်က ဆိုပါတယ်။
ဒါပေမဲ့ အထက်လွှတ်တော်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီကို ဦးဆောင်နေသူ အာဏာရ ရီပတ်ဘလစ်ကန် ပါတီအမတ် ရိုဂျာ ဝစ်ကာကတော့ ဟက်ဂ်ဆက်သ်ဖက်က အားပေး ထောက်ခံသွားခဲ့ပါတယ်။ သူက ကမ္ဘာကြီးဟာ ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး အီရန်ကို စစ်ရေးအရ အရေးယူခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးသွားခဲ့ပါတယ်။
ဧပြီ ၂၉ ရက်နေ့မှာလည်း ဟက်ဂ်ဆက်သ်ဟာ နှစ်လလောက်သာ ကြာသေးတဲ့ အီရန်စစ်ပွဲမှာ အမေရိကန်က အခွန်ထမ်း ပြည်သူတွေရဲ့ အခွန်ငွေ ဒေါ်လာ ၂၅ ဘီလီယံလောက် အသုံးပြုပြီး ဖြစ်နေတဲ့အပေါ် ခက်ခဲတဲ့ မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီမိုကရက် ပါတီဝင်တွေ စစ်သုံးစရိတ်တွေနဲ့ ထိခိုက်သေကြေမှု ကိစ္စတွေကို အဓိက ပစ်မှတ်ထားပြီး ဟက်ဂ်ဆက်သ်ကို ထိုးနှက်ခဲ့ကြပါတယ်။ ဒါဟာ အီရန်စစ်ပွဲ ကာလတလျှောက် ပထမဆုံးအကြိမ် ဟက်ဂ်ဆက်သ်နဲ့ ဒီမိုကရက်တစ်တွေကြားက ထိပ်တိုက်တွေ့မှုလည်း ဖြစ်လာပါတယ်။
ဒီမိုကရက်တစ်ပါတီ အမတ်တွေက အီရန်စစ်ပွဲဟာ အမှန်တကယ် လိုအပ်တာမျိုး မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ရွေးချယ်မှုကြောင့် စတင်လာတဲ့ စစ်ရေးပဋိပက္ခမျိုးသား ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ဥပဒေတွေအရ စစ်ရေးအရ အရေးယူ တိုက်ခိုက်မှု တစ်ခုခုအတွက် အစိုးရဟာ လွှတ်တော်ဆီကနေ ရက်ပေါင်း ၆၀ အတွင်း ခွင့်ပြုချက် ရယူနိုင်ဖို့ လိုပါတယ်။ အီရန်စစ်ပွဲအတွက် လွှတ်တော်က ခွင့်ပြုထောက်ခံမှု မရှိသေးဘဲ အဲဒီ ရက်ပေါင်း ၆၀ သတ်မှတ်ချက်ဟာလည်း မေလ ၁ ရက်နေ့မှာ ပြည့်မှာဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ စစ်ပွဲရပ်ဆိုင်းနိုင်ရေး ကြိုးစားမှုတွေကလည်း အခုထိတော့ မအောင်မြင်သေးပါဘူး။
စစ်ပွဲဟာ ဘယ်လောက်ကြာမလဲ၊ ကုန်ကျစရိတ် ဘယ်လောက်ထိ များနိုင်မလဲဆိုတဲ့ မေးခွန်းတွေကိုလည်း ဟက်ဂ်ဆက်သ်က မဖြေနိုင်ခဲ့ပါဘူး။ အီရန်မှာ စစ်ပွဲကာလအတွင်း စာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး ကလေးအများအပြား အပါအဝင် လူ ၁၆၅ ဦး သေဆုံးခဲ့တဲ့ ကိစ္စကိုလည်း စုံစမ်းစစ်ဆေးနေဆဲလို့ပဲ ဟက်ဂ်ဆက်သ်က ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အီရန်နဲ့ အစ္စရေးတို့ ၁၂ ရက်ကြာ စစ်ပွဲ ဖြစ်ချိန်မှာ အမေရိကန်က အီရန်ကို ဗုံးဝင်ကြဲပြီး အီရန် နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို အလုံးစုံ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ကြေညာဖူးပါတယ်။ ဒါဆိုရင် အမေရိကန် စစ်သားတွေရဲ့ အသက်တွေကို အဆုံးရှုံးခံပြီး ဘာကြောင့် နောက်တစ်ကြိမ် အီရန်ကို တိုက်ခိုက်ရသလဲလို့လည်း ဒီမိုကရက်တစ် အမတ်တွေက မေးခွန်းထုတ်ခဲ့ပါတယ်။
ဟက်ဂ်ဆက်သ်ကတော့ အီရန်ဟာ နျူကလီးယား ရည်မှန်းချက်တွေကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သလို ဒုံးကျည် အများအပြား လက်ဝယ်ပိုင်ဆိုင်ထားတာကြောင့် အမေရိကန်အတွက် ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေဆဲလို့ တုံ့ပြန်သွားပါတယ်။
ကိုးကား: AP

















































