မေ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။
မေလ ၇ ရက်မှာ ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေနဲ့ သတင်းဌာန အချို့ ကရေးသားဖြန့်ဝေခံ့ပြီး ဒီ သတင်းဟာ အမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ အချို့ကပြောလာတာပါ။
“သေပြီဆိုတာ မဟုတ်ပါဘူး”လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ် ။

Public Service Announcement
ဒါပေမယ့် အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ လတ်တလောမှာ ခြေထောက်တွေနာနေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ပဲဖြစ်နေတယ်လို့လည်း စုံစမ်းသိရပါတယ် ။
အခြားနီးစပ်တဲ့သတင်းရင်းမြစ်တဦးကလည်း “အမှားပါ”လို့ ပြောပါတယ် ။
အာဏာသိမ်းစစ်အုပ်စုမတရားဖမ်းဆီးတာခံရပြီးထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံထားရတဲ့ဒေါ်နန်းခင်ထွေးမြင့်ဟာမေလဆန်းမှာ ဘားအံဆေးရုံကို အရေးပေါ်အခြေအနေနဲ့ ၃ ရက်တက်ရောက်
ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ အာရုံကြောဝေဒနာ ခံစားနေရပြီး ခေါင်းမူးတာ ၊ခေါင်းကိုက်တဲ့ဝေဒနာခံစားနေရတယ်လို့ သူမရဲ့မိတ်ဆွေအချို့ကပြောပါတယ်။
စစ်တပ်က ဒေါ်နန်းခင်ထွေးမြင့်ကို ရစ်တပ်က ဘားအံ့ဆေးရုံမှာ ၃ ရက်ပဲတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ် ။ဒေါ်နန်းခင်ထွေးမြင့် ဆေးရုံမှာ တက်ရောက်နေတဲ့ ဗီဒီယို မှတ်တမ်းဟာ မေလဆန်းမှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ အဆိုပါ ရုပ်သံမှတ်တမ်းပေါက်ကြားခဲ့တဲ့အတွက် စစ်တပ်က ဆေးရုံနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ဆေးခဲ့တယ်လို့ ကရင်ဒေသတွင်းသတင်းဌာနဖြစ်တဲ့ KIC ကလည်းဖော်ပြပါတယ် ။
အဲဒီလိုအခြေအနေမှာ မေ ၇ ရက်မှာ သတင်းအမှားပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရင်တည်းက NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ခေါင်းဆောင်တွေ၊ NLD ပါတီ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု အများအပြားကို မတရားဖမ်းဆီးခဲ့တာပါ။
“မအလ စစ်အုပ်စုဟာ ဒီလိုအသက်ကြီးရင့်သူ တိုင်းရင်းသား အမျိုးသမီးတဦးကို မညှာမတာ အကျဉ်းချထားပြီး လိုအပ်တဲ့ဆေးကုသမှု မပေးတာကို နိုင်ငံတကာသိရှိဖို့ လိုပါတယ်” လို့လည်း သူမရဲ့ မိတ်ဆွေ တဦးကပြောပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ဟာ မဲမသာမာမှုရှိတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို စိန်ခေါ်ခဲ့တဲ့ NLD ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်၊
“မဲမသမာမှုရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့။ ရှင်နဲ့ ကျွန်မ စင်ပေါ်တက်ပြီး ပြည်သူ့ဆန္ဒပေါ်တင်ရွေးချယ်ခံရအောင်၊ ကျွန်မက အရွေးခံရဲတယ်။ အချိန်မရွေးပဲ” လို့ အာဏာသိမ်းချိန်လာဖမ်းတဲ့ စစ်ကောင်စီတပ်တွေကို ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့ဖူးပါတယ်။ စစ်တပ်ဖမ်းဆီးတာခံထားရတဲ့ ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ရဲ့ တိုင်းနဲ့ကြည်နယ်ဝန်ကြီးချူပ်တွေထဲမှာဒေါ်နန်းခင်ထွေးမြင့်က တစ်ဦးတည်းသောအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို စစ်အုပ်စုက မတရားပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၇၅ နှစ်ချမှတ်ထားတာပါ။ စစ်အုပ်စု မတရားဖမ်းဆီးစဉ်က အသက် ၆၇နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ မေလ ၁၀ ရက်မှာ အသက် ၇၂နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ သူမ ဟာ ၁၉၉၀ ရွေးကောက်ပွဲ ၊၂၀၁၅ ရွေးကောက်ပွဲ ၊၂၀၂၀ ရွေးကောက်ပွဲတွေမှာNLD ကိုယ်စားပြုယှဥ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ သုံးကြိမ်အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ် ။


















































