Connect with us

Hi, what are you looking for?

အတွေးအမြင်

ခပ်ဆိမ့်ဆိမ့်တို့ရဲ့ကမ္ဘာ

မနေ့ညက ​ရန်ကုန်မြို့မှာ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်လို့ လမ်းတွေပိတ်၊ ယာဥ်ကြောတွေပိတ်ပြီး အလုပ်ပြန်တွေ ဒုက္ခရောက်ခဲ့တယ်လို့ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် ဒုက္ခပေးလို့ တိုင်းရင်းသားဒေသတွေ၊ အညာနဲ့ မြေလတ်ဒေသတွေမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၃ သန်းကျော် ရှိနေချိန် ရန်ကုန်မြို့တော်မှာလည်း အားကျမခံ မာရသွန်ပြေးပွဲ လိုက်လုပ်ခဲ့တာပါ။

(​မေလ ၉ ရက်ညကလုပ်ခဲ့တဲ့ Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲမှာ ဝင်ပြေးခဲ့ကြသူတွေ ။ဓါတ်ပုံ-YHNR)

နိုဝင်ဘာမိုး/People’s Spring

မနေ့ညက ​ရန်ကုန်မြို့မှာ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်လို့ လမ်းတွေပိတ်၊ ယာဥ်ကြောတွေပိတ်ပြီး အလုပ်ပြန်တွေ ဒုက္ခရောက်ခဲ့တယ်လို့ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် ဒုက္ခပေးလို့ တိုင်းရင်းသားဒေသတွေ၊ အညာနဲ့ မြေလတ်ဒေသတွေမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၃ သန်းကျော် ရှိနေချိန် ရန်ကုန်မြို့တော်မှာလည်း အားကျမခံ မာရသွန်ပြေးပွဲ လိုက်လုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ဆောင်းတွင်းတုန်းကလည်း အညာမြေ ပုဂံမြို့ဟောင်းမှာ အခုလိုပဲ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်ခဲ့ဖူးပြီး လာပြေးခဲ့ကြပါသေးတယ်။ ညောင်ဦးနယ်ထဲက၊ မြစ်တစ်ဘက်ကမ်း ပခုက္ကူနယ်က၊ ခပ်လှမ်းလှမ်း မြင်းခြံနယ်က စတဲ့စတဲ့ ပတ်ပတ်လည် စစ်ရှောင်တွေကိုမှ အားမနာ မာရသွန်လာပြေးခဲ့ကြတာပါ။ အခုလည်း ရန်ကုန်မှာ Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲတဲ့။ ပြေးလိုက်ကြတာ တဝုန်းဝုန်း။

ပွဲစီစဥ်သူတွေက စစ်တပ်နဲ့နီးစပ်တဲ့ Atom ဆက်သွယ်ရေးကုမ္ပဏီက စီစဥ်တာပါတဲ့။ ပွဲမှာ Forever Groupရဲ့ သရုပ်ဆောင်တွေ၊ Presenter တွေလည်း တော်တော်များများ တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က ည ၈ နာရီလောက် အပြင်ထွက်လို့ တစ်ညပျောက်သွားခဲ့ဖူးတဲ့ MRTV4 သရုပ်ဆောင်သစ်လည်း ဝင်ပြေးခဲ့တာ တွေ့ရတယ်။ စစ်အုပ်စုဟာ ပြည်သူတွေ ပျော်ရွှင်နေပါတယ်ဆိုတာကို ပြသဖို့ ပွဲလမ်းသဘင်တွေ ကျင်းပစေခဲ့တာ ကြာပြီမို့ ထူးပြီး မပြောလိုတော့ပါဘူး။ ပြောလိုတာက မြို့ပေါ်နေ ရေပေါ်ဆီတချို့ကိုပါ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီး ၂ နှစ်လောက်အကြာ ရန်ကုန်မြေကို ခေတ္တခဏ ရောက်ခဲ့ဖူးတယ်။ ပြည်လမ်းပေါ်သွားရင်း ဘာတွေ့ရသလဲဆိုတော့ အသက် ၂၅ နဲ့ ၃၀ ကြား ငွေကြေးအတန်အသင့်ရှိပုံရတဲ့ လူငယ်တစ်ယောက်က လမ်းဘေးမှာ ကင်းစောင့်နေတဲ့ ရဲတစ်ယောက်ကို Shark အားဖြည့်အချိုရည်ဘူးတွေ၊ ရေသန့်ဘူးတွေ ဝယ်လာပြီး ပေးဝေနေတာပါ။ သာမန်ကာလ အဲဒီလိုမြင်ကွင်းမျိုး မြင်ရရင် တကယ်ကြည်နူးစရာကောင်းတာပါ။ ဒါပေမယ့်စစ်တပ်အာဏာသိမ်းထားတဲ့ကာလကြီးထဲ ဒီလိုမြင်ကွင်းမျိုး မြင်ရတာ နည်းနည်းတော့ အံ့သြမိတယ်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးတော့ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ပြည်သူ့ဝန်ထမ်းတွေကို ရက်ရက်စက်စက်အကြမ်းဖက်ဖြိုခွင်း၊ ကျည်အစစ်နဲ့ပစ်ခဲ့ကြတာ ဒီလိုရဲတွေလည်း ပါပါတယ်။ နယ်တွေမှာ ရဲတွေကို စစ်သားတွေလိုပဲ ကျွန်တော်တို့က ရွံရှာမုန်းတီးပါတယ်။ အအေးဘူးပေးဖို့မပြောနဲ့ တစ်ဆိုင်တည်း ထိုင်မိရင်တောင် ဝေးရာကိုရွှေ့ထိုင်ပါတယ်။ မတော် လာပစ်လို့ ကိုယ့်ပါလာမှန်မှာ စိုးတာလည်း ပါတာပေါ့။

နောက် ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တစ်ခုထပ်တွေ့ပါတယ်။ ဒါကတော့ Generation Z လို့ခေါ်မယ့် အသက် ၁၇၊ ၁၈ လေးတွေရဲ့လုပ်ရပ်ပါ။ ရန်ကုန်မြို့တနေရာမှာ ကင်းချထားတဲ့ ရဲတွေကို မောင်မင်းကြီးသားလေးတွေက သနပ်ခါးလိုက်လိမ်းပေးကြတဲ့မြင်ကွင်းပါ။ အပေါ်မှာပြောခဲ့သလို အာဏာသာမသိမ်းခဲ့ရင်တော့ ဒီလိုမြင်ကွင်းမျိုး သိပ်ကို မိုက်တာပေါ့။ရန်ကုန်မြို့တွင်းမှာတင် စစ်အုပ်စုက သူတို့လိုရွယ်တူလေးတွေကိုပဲ ပေါ်တာတွေဆွဲလို့ မိသားစုတွေခမျာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေကြတာမနည်းမနောပါ။ စစ်မှုထမ်းကို ငွေပေးကျော်လွှားနေကြတဲ့သူတို့တတွေရဲ့ မျက်လုံးထဲမှာ ရဲတွေဟာ ကြောက်စရာကောင်းမနေခဲ့ဘူးပေါ့။

အခုလည်း ရန်ကုန်မြို့က ရေပေါ်ဆီလူတန်းစားတချို့ဟာ စစ်အုပ်စုအလိုကျ မာရသွန်ပြေးကြတယ်။ DJကားလည်း ပါပါသတဲ့။ သူတို့ပြေးလမ်းအတွက် လမ်းတွေပိတ်တော့ အိမ်အပြန် ဘက်စ်ကားတိုးစီးရမယ့် ပြည်သူတွေခမျာ ယာဥ်ကြောပိတ်ဆို့မှုကို နာရီပေါင်းများစွာ ကြုံရတော့တယ်။ ဒါလည်းအားနာရကောင်းမှန်းမသိဘူး။

မြို့လယ်ကောင်မှာ မီးရောင်စုံတွေနဲ့ ပျော်ပါးနေကြတဲ့ Yangon Heritage Night Run ရဲ့ မြင်ကွင်းက ကြည့်ကောင်းနေပေမဲ့၊ တစ်ဖက်မှာတော့ တစ်နေ့တာ လုပ်အားခ အနည်းငယ်အတွက် ရုန်းကန်ခဲ့ရတဲ့ လူတွေမှာတော့ အိမ်ပြန်လမ်းငရဲခန်းကို ဖြတ်သန်းနေရပါတယ်။ ပြေးလမ်းပေါ်က လူတွေက ချွေးထွက်အောင် ပြေးနေကြချိန်မှာ၊ လမ်းဘေးက လူတွေကတော့ ဝမ်းရေးအတွက် ပင်ပန်းလို့ ထွက်လာတဲ့ ချွေးတွေကို သုတ်ရင်း ပိတ်မိနေတဲ့ ကားတန်းကြီးကို ကြည့်ကာ သက်ပြင်းချနေကြရတာပါ။

ဒီပွဲကို စီစဥ်ခဲ့သူ​တွေကို ​လေ့လာကြည့်ရင်လည်းအာဏာသိမ်းစစ်တပ်ရဲ့အကြံအစည်ကိုသိနိုင်ပါတယ် ။အဲဒီမာရသွန်ပြေးပွဲကို အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ကျင်းပခဲ့တာဖြစ်ပါတယ်။ Atom ဆက်သွယ်ရေးအော်ပရေတာဟာ စစ်တပ်အာဏာမသိမ်းမီက နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောပိုင်ဆိုင်တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က ကိုဂျင်မီဖြစ်စဥ်အပါအဝင် တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုခဲ့မှုတွေကြောင့် တယ်လီနောကို လက်ဘနွန် M1 ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီနောမြန်မာကို M1 နဲ့အတူ ဝယ်ယူခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။​

ရွှေဗျိုင်းဖြူကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် သတ္တုနဲ့ သစ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းများ ထူထောင်ထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာစစ်တပ်နဲ့ နီးစပ်တဲ့ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ် ။ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတဲ့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၄ ဇန်နဝါရီလမှာအ​ရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊သမီးမသိမ့်ဝင်းထက်နဲ့ သားကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို အ​ရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ် ။

လှပပြီး​ခေတ်မီအဖိုးတန် အားကစားဝတ်စုံ​တွေ ဝတ်ဆင်ပြီး ပြုံး​ပျော်ရွှင်​နေကြတာက တကယ်​တော့​ကောင်းပါတယ် ။ဒါ​ပေမယ့် ဒီပုံရိပ်​တွေကိုစစ်တပ်က သူတို့အာဏာလက်မလွှတ်ရ​ရေး စစ်အုပ်စုကိုနိုင်ငံတကာက အသိအမှတ်ပြုဖို့ မြို့​တော်ရန်ကုန်မှာ ပြည်သူ​တွေ​အေးချမ်းသာယာ​​ပျော်ရွှင်​နေကြပါတယ် ဆိုပြီး ဝါဒဖြန့်ဖို့အတွက် ဒီပုံရိပ်​တွေကို အသုံးချမယ်ဆိုရင်​တော့ ​​ပြေးပွဲကို ​ပြေးပွဲဆင်နွှဲမိသူ​တွေ ​​ပျော်ရွှင်နိုင်ပါ့ဦးမလား သိချင်ပါတယ်။

စစ်တပ်က ၊စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီ​တွေက ဝါဒဖြန့်ချီ​ရေး​တွေအတွက် ​ငွေ​တွေဘယ်လိုသုံးတာ ၊အ​မေရီကန်ရဲ့ အ​ရေးယူဒဏ်ခတ်မှု​တွေ ကင်းလွတ်ဖို့ စစ်အုပ်စုက ​လော်ဘီကုမ္ပဏီ DCI နဲ့အ​မေရီကန်​ဒေါ်လာ သုံးသန်းဖိုးစာချုပ်ချုပ်တာ ၊အ​မေရီကန် သမ္မတ ​ဒေါ်နယ်လ်ထရန့်နဲ့ရင်းနှီးတဲ့ ​ရော်ဂျာစတုန်းကို ​လော်ဘီလုပ်​ပေးဖို့ ငှားရမ်းတာ​တွေကိုနိုင်ငံ​ရေးစိတ်ဝင်စားရင် အလွယ်တကူသိနိုင်တဲ့အ​ကြောင်းအရာဖြစ်ပါတယ် ။

ဒါ​ကြောင့်ရန်ကုန်မြို့လယ်မှာ ညဦးပိုင်း ရုံးဆင်းချိန်ကြီးကို လမ်း​တွေပိတ်ပြီး ​ပြေးပွဲဆိုပြီး ​ပျော်ပွဲရွှင်ပွဲ ကို စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီ​တွေကလုပ်ပြီးအလှဓါတ်ပုံ​တွေ ​ဝေ​ဝေဆာဆာဖြန့်ချီ​နေတာဟာ ဘာကိုရည်ရွယ်တာလဲဆိုတာကို စာဖတ်သူအလွယ်စဥ်းစားနိုင်မယ်ထင်ပါတယ်။

ပိုပြီးရှင်းလင်း​​အောင် PR သမားတဦးဖြစ်တဲ့ M ရဲ့သုံးသပ်ချက်ကို မျှ​ဝေလိုပါတယ်။

“PR professional တစ်ယောက်အနေနဲ့ ဒီလိုပွဲတွေကို အားကစားပွဲတစ်ခုတည်းအဖြစ် မမြင်ပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေ‌​တွေကြားမှာ ဒေသအများအပြားက အရပ်သားပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် တကယ်ပဲ အသက်လွတ်ဖို့ ပြေးလွှားနေရတဲ့အချိန်မှာ “run/ပြေးခြင်း”ဆိုတဲ့စကားလုံးကို ထပ်ကာထပ်ကာ ပျော်ရွှင်စရာ အခမ်းအနားသဘောနဲ့ သင်္ကေတပြုအသုံးပြုတာကိုက နိုင်ငံရေးအဓိပ္ပာယ်ဆောင်လာတယ်လို့မြင်ပါတယ်။ စစ်မီးတောက်နေတဲ့ ပကတိအခြေအနေ‌​တွေကို ဖုံးကွယ်ပြီးဒီလိုပွဲမျိုးတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကနေ ပြချင်တဲ့ရှုထောင့်၊ လိုချင်တဲ့ emotion

တွေ‌ရ‌​အောင် ရိုက်ထားတဲ့ပုံတွေနဲ့အကြီးအကျယ် ချဲ့ကားဖော်ပြနေတာဟာ လူထုကျန်းမာရေးအတွက် ရည်ရွယ်တာထက် ‘အခြေအနေတွေ ပုံမှန်ရှိ‌​တေတယ်၊ ငြိမ်းချမ်းနေတယ်၊ ထိန်းချုပ်နိုင်စွမ်းရှိ‌​နေပါတယ်’ လို့ နိုင်ငံတကာကို လှည့်စားတဲ့ ဝါဒဖြန့်မှု Perception Management သာ ဖြစ်ပါတယ်”လို့ သူက​ပြောပါတယ် ။

ဆက်လက်ပြီး​တော့ M က “PR ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ အခြေအနေတွေ ပုံမှန်ဖြစ်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ဗျူဟာမြောက် ဖန်တီးတဲ့ ‘Strategic Normalcy Messaging’ လို့ပဲ ဆိုရပါမယ်။ Crisis Communications တွေမှာ ပကတိ အခြေအနေတွေက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ အများပြည်သူမြင်ကွင်းမှာ positive ဖြစ်တဲ့၊ အဆင်ပြေအေးချမ်းနေတဲ့ပုံရိပ်တွေကို ဖော်ပြခြင်းအားဖြင့် တည်ငြိမ်မှုရှိနေတယ်ဆိုတဲ့ အမြင်မျိုးရအောင် ပုံဖော်လေ့ရှိပါတယ်။ဒါက propaganda communications မှာသိပြီးသားဖြစ်တဲ့ pattern တစ်ခုပါပဲ” လို့​ပြောပါတယ်။

ဒါ​ပေမယ့်အထက်ကပြောခဲ့တဲ့ လုပ်ရပ်တွေဟာ ရန်ကုန်လူထုတစ်ရပ်လုံးကိုတော့ ကိုယ်စားမပြုနိုင်ပါဘူး။ စစ်တပ်အာဏာသိမ်းတော့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြား ရဲရဲဝင့်ဝင့် ဆန္ဒပြခဲ့တဲ့ မြို့တွေထဲ ရန်ကုန်လူထုဟာ ရှေ့ဆုံးက ပါဝင်ခဲ့တယ်။ နယ်ပယ်စုံက ထူးချွန်သူတွေ၊ နိုင်ငံကို ဦးဆောင်ဦးရွက်ပြုကြသူတွေ ရန်ကုန်မှာ အများကြီးနေထိုင်ခဲ့ဖူးတယ်။ အခုလည်း စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြား၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးမရမှု၊ လုံခြုံရေးစိုးရိမ်ရမှုတွေကြားမှာပဲ တော်လှန်အာခံနေဆဲ ရန်ကုန်ပြည်သူတွေ များစွာ ရှိနေပါသေးတယ်။

ဒါပေမဲ့ မြို့ပေါ်နေ ရေပေါ်ဆီလူတန်းစားတချို့ရဲ့ အမှန်သိမြင်နိုင်မှုအခြေအနေကတော့ စိုးရိမ်စရာအခြေအနေပါ။ တိုင်းပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို တကယ်ပဲမသိတာလား၊ မသိချင်ယောင်ပဲဆောင်နေတာလားဆိုတာကိုတော့ သူတို့ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပါ။ဒီလိုမျက်ကွယ်ပြုမှုတွေကပဲ အာဏာရှင်စနစ်ကို အသက်ဆက်ပေးနေတာလို့ စွပ်စွဲမယ်ဆိုစာဖတ်သူလက်ခံနိုင်ပါသလား။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီက​နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကား​တွေကရပ်တန့်ပြီး ဟွန်းတီး အ​လေးပြုခဲ့ကြပါတယ်။