မေ-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။
KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူးလားဒေသမှာ ပါဝင်တဲ့ တကူကျေးရွာကို စစ်တပ်က မေလ ၁၃ရက် မနက် ၁၀နာရီလောက်မှာ ဗုံးကြခဲ့တာပါ။
စစ်တပ်ဟာ ကလေးငယ်တွေ စာသင်ကြားရာနေရာတွေအပါအဝင် KNU နယ်မြေတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၁၀ရက်မှာလည်း တနင်္သာရီမြို့နယ်က တကူကျေးရွာကို လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ၄ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၉ရက်ကလည်း တနင်္သာရီမြို့နယ် တဖီလေးခိုရွာ ဘုရားကျောင်းမှာ ကလေးငယ် ကျောင်းသားကျောင်းသူတွေ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်း တက်ရောက်သင်ကြားနေစဉ် စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၇ဦး အပါအဝင် ၁၁ဦး သေဆုံးကာ ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
စစ်တပ်ဟာ နိုင်ငံတကာမှာ တရားဝင်မှုရရှိစေဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေပေမယ့် ပကတိမြေပြင်မှာ အရပ်သားပြည်သူလူထုများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိဟု KNUက ထုတ်ပြန်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အာဏာသိမ်းစစ်တပ်အပေါ် လက်တွေ့ကျတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း KNUက တိုက်တွန်းထားပါတယ်။


















































