မေ-၁၅၊၂၀၂၆။People’s Spring
အမေရိကန် ရွက်လှေ လုပ်ငန်းတစ်ခုဟာ မြန်မာနိုင်ငံကနေ ယူဆောင်လာတဲ့ ကျွန်းသစ်တွေကို ဇိမ်ခံရွက်လှေ တည်ဆောက်မှုတွေမှာ တရားမဝင် အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဗြိတိန် ရွက်လှေ လုပ်ငန်းစုကြီး Sunseeker International ရဲ့ အမေရိကန် လုပ်ငန်းခွဲဖြစ်တဲ့ Sunseeker USA Salesက အဲဒီ လုပ်ရပ်မျိုး ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့တာကို အမေရိကန်ရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေးဌာန (EIA)က ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက တရားမဝင် ထုတ်လုပ်တဲ့ ကျွန်းသစ်တွေကို ထုတ်ကုန်အတွက်အသုံးပြုခြင်းဟာအမေရိကန်မှာ ဥပဒေ ချိုးဖောက်မှု မြောက်ပါတယ်။
EIAရဲ့ အဆိုအရ ကျွန်းသစ်တွေကို မြန်မာနိုင်ငံကနေတရားမဝင်နည်းလမ်းတွေနဲ့ ထုတ်လုပ် ရယူခဲ့တာဖြစ်ပြီးအမေရိကန်မှာရောင်းချတဲ့ဇိမ်ခံ တန်ဖိုးကြီး ရွက်လှေတွေ တည်ဆောက်ရာမှာ ထည့်သွင်း အသုံးပြုခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ လေဆီ အက်ဥပဒေဟာ သားရိုင်းတိရစ္ဆာန်၊ ငါးမျိုးစိတ်တွေနဲ့ သဘာဝသယံဇာတတွေကိုတရားမဝင် ရောင်းဝယ် ဖောက်ကားမှုတွေကို တားမြစ်ထားပါတယ်။

Public Service Announcement
အမေရိကန်တရားရေးဝန်ကြီးဌာနက Sunseeker USAဟာ လေဆီအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံပြီး ဒဏ်ကြေး ဒေါ်လာ ၂ သိန်း ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ပြောပါတယ်။အဲဒီ ဒဏ်ငွေပြစ်ဒဏ်ကိုဩဂုတ်၂၀ ရက်မှာတရားဝင် ချမှတ်မှာဖြစ်ပြီး ကုမ္ပဏီဘက်က်က လေးစားလိုက်နာမယ်လို့ အစိုးရ ရှေ့နေတွေနဲ့ ညှိနှိုင်း အသိပေးထားပါတယ်။
ဒီဖြစ်ရပ်ဟာတရားမဝင်သစ်ထုတ်လုပ်မှုတွေနဲ့ နောက်ဆက်တွဲ အလွဲသုံးစားမှုတွေကိုထိထိရောက်ရောက်တားဆီးနိုင်ဖို့အတွက် အားကောင်းတဲ့ ဥပဒေစည်းမျဉ်းတွေလိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေကြောင်း EIAက ဆိုပါတယ်။
နောက်ပြီး မြန်မာနိုင်ငံရဲ့ကျွန်းသစ်တွေ ထုတ်လုပ်မှုဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သွယ်ဝိုက် အားပေးနေတယ်လို့လည်း EIAက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ မှာ အာဏာသိမ်းခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဟာ ကျွန်းသစ်တွေ ပြည်ပကို တင်ပို့ရောင်းချမှုကနေ ဝင်ငွေ ရှာဖွေနေတာကြောင့် ဖြစ်ပါတယ်။
မိခင်ကုမ္ပဏီ Sunseekerဟာလည်း ကုန်ကြမ်း ကွင်းဆက်ထဲမှာ မြန်မာ့ကျွန်းသစ်တွေ အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိလို့ ၂၀၂၄ ခုနှစ်တုန်းက ဗြိတိန်မှာ ဒဏ်ရိုက်ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ လေ့လာသူတွေက မြန်မာ့ကျွန်းသစ်ဟာ တရားမဝင် သစ်ခုတ်မှု၊ အဂတိမှု၊ စစ်တပ်အတွက် ရန်ပုံငွေ ရှာဖွေပေးမှုတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက် ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။လက်ရှိ စစ်တပ်လက်အောက်ရောက်နေတဲ့မြန်မာ့သစ်လုပ်ငန်း (MTE)ဟာလည်း အမေရိကန်၊ ဥရောပ သမဂ္ဂ (EU)နဲ့ ဗြိတိန်တို့ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ခံထားရပါတယ်။
ကိုးကား- EIA


















































