မေ-၁၇၊၂၀၂၆။ဇော်ရမ်း/ People’s Spring
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲ အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေကမေလ ၁၅ရက်နေ့မှာ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင်း ပြန်ဆုတ်ထားသလို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ရခိုင်ပြည်နယ်ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ-ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)ကို မေလ ၉ရက်ကစပြီး AAနဲ့မဟာမိတ်တွေကထိုးစစ်ဆင်နေတာပါ။
ကာကင်းစခန်းအားလုံးကို သိမ်းယူထားနိုင်ပြီး မေလ ၁၅ ရက် မနက်အစောပိုင်းမှာတော့ အမတ(၃၄၄)ထဲအထိ ဝင်ရောက်ထိုးစစ်ဆင်နိုင်ခဲ့တာပါ။

Public Service Announcement
“၃၄၄ ကျပြီဆိုပြီးတမြို့လုံးပြောနေကြတာ။ ယတပ်ထဲကဝန်ထမ်းမိသားစုတွေလည်းအပြင်ထွက်လာလို့မရတော့တာ ယကြာပြီ။ တိုက်ပွဲတွေစဖြစ်ပြီဆိုကတည်းက အရာရှိတွေရဲ့မိန်းမတွေ ရန်ကုန်နဲ့ ဟင်္သာတဘက်ကို ရှောင်သွားတာ။ ၁၄ရက်နေ့ကတော့ တိုက်ပွဲတွေတော်တော်ပြင်းခဲ့ပြီး လေကြောင်းကနေလည်း ညပိုင်းနဲ့ နောက်နေ့မနက်မိုးလင်းတဲ့အထိလာကြဲတာ”လို့ ရေကြည်မြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့နီးစပ်တဲ့ ဧရာဝတီတိုင်းထဲကတော်လှန်ရေးသတင်းရင်းမြစ်အချို့က မေလ ၁၅ ရက်နေ့က တိုက်ပွဲမှာ အမတ(၃၄၄)ထဲအထိ တော်လှန်ရေးတပ်တွေကဝင်ရောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မလိုအပ်ပဲထိခိုက်ဆုံးရှုံးမှုတွေမဖြစ်အောင် ပြန်လည်ဆုတ်ခွာထားတာသူကဆက်ပြောပါတယ်။
“ကာကင်းတွေအားလုံးသိမ်းယူထားတယ်။ အခိုင်အမာဆောက်ထားတဲ့ဘန်ကာတွေဖြစ်တယ်။ AAနဲ့အတူ PDF တွေက စစ်ရေးနဲ့ပတ်သက်ပြီးလုပ်စရာရှိတာဆက်လုပ်နေပါတယ်”လို့၎င်းကပြောပါတယ်။
အမတ (၃၄၄)ဟာ AA နဲ့ PDF တွေလက်ထဲကျရောက်မယ့် အခြေအနေ ဆိုက်ရောက်နေတယ်လို့ ဧရာ၀တီတိုင်း ထဲက စစ်ရေးသတင်းတွေ ဖော်ပြပေးနေတဲ့ အထူးသတင်းတပ်ဖွဲ့-ပုသိမ်လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။
လက်ရှိမှာ အမတ၃၄၄အပြင် ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲမှာလည်း AAနဲ့မဟာမိတ်တွေက စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။ ဧရာဝတီတိုင်းမှာ မေလ ၁၆ရက်ညနေအထိ မိုးသည်းထန်ခဲ့ပြီး မိုးရွာနေစဉ်မှာတောင် စစ်ကောင်စီက ဂျက်ဖိုက်တာတွေ ပျံသန်းပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အမတ(၃၄၄)နဲ့ ပက်သက်တဲ့ စစ်ရေးသတင်းတွေကို AAနဲ့ PDF တွေက မထုတ်ပြန်သေးပါဘူး။
ဧရာဝတီတိုင်းစစ်မြေပြင်မှာတပ်မ(၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AAက ၂၀၂၅ နိုဝင်ဘာလ၁၁ရက် သတင်းထုတ်ပြန်ဖူးပါတယ် နိုဝင်ဘာလမှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
AAနဲ့မဟာမိတ်တွေဟာ လက်ရှိမှာ မကွေတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာ၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)ကိုလည်း စစ်ရေးဖော်ဆောင်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။

















































