မေ -၂၄၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။
မေလ ၂၃ရက်က မြိုင်မြို့နယ် အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ် ၄စီးသုံးနဲ့ အင်အား ၁၀၀ ခန့်နဲ့ စစ်လက်နက်တွေ ပို့ခဲ့တာလို့ အညာမြေတပ်ပေါင်းစုက အသိပေးပါတယ်။
“ဒီမနက် တစခ(၃)က စစ်ကြောင်းစထွက်တယ်။ကုန်းရွာ (မြိုင်မြို့အနောက်တောင်ဘက်ခြမ်း)ကို ရောက်နေပြီ။မနေ့က လေယာဉ်နဲ့ပို့တာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)နဲ့ ပခုက္ကူတပ်မ ၁၀၁ က “လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မြိုင်မြို့ရဲ့ တောင်ဘက် (၄)မိုင်အကွာ တစခ(၃)မှာ စစ်တပ်က အခိုင်အမာ တပ်စွဲထားတဲ့နေရာတစ်ခုဖြစ်ပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကွန်ရက်အတွက် တစိတ်တပိုင်းသက်ဆိုင်ပြီး အင်အား ၁၈၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။
တစခ(၃)အနီးက ဝက်ပုတ်ပျူစောထီးရွာနဲ့ သရက်ကွ ပျူစောထီးကျေးရွာအပါအဝင် ကိုင်းတောမ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် မေလ ၂၃ရက်မှာ မြိုင်မြိုအနောက်တောင်ဘက်ခြမ်းက သရက်ကန်ပျူစောထီးရွာကိုလည်း တေယ်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က တစခ(၃)အနီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင်ဒရုန်းနဲ့ကင်းထောက်တာတွေ ရှိနေတာကြောင့် ဒေသတွင်းပြည်သူတွေဂရုစိုက်နေထိုင်ဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။
လက်ရှိ မကွေးတိုင်းအထက်ပိုင်းက စစ်ရေးအခြေအနေတွေအရ ပေါက်၊ဆောနဲ့မြစ်ခြေ ဒေသတွေမှာ စစ်တပ် ဝင်ရောက်စီးနင်းနေတာနဲ့ လေကြောင်းဗုံးကြဲမှုတွေ ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာထားတဲ့ မြို့နယ် ၆၀ မှာ မကွေးတိုင်းထဲက ပေါက်၊မြိုင်၊ဆော၊ထီးလင်းနဲ့ ရေစကြိုမြို့နယ် ပါဝင်နေပါတယ်။


















































