ဇွန်-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ မေလ ၃၁ရက်ကပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။
ပေါက်ကဲမှုဖြစ်စဉ်မှာ ဒေသခံပြည်သူ ၅၅ဦး သေဆုံးပြီး ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းပြည်ကောင်စီ(TLC) ကထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာရဲ့ပတ်ချာလည်က အိမ်တစ်ရာကျော် ပျက်စီးခဲ့ပြီး နောက်ထပ်တစ်ရာကျော်ခန့်က အနည်းငယ်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးကူညီလုပ်ဆောင်နေသူကပြောပါတယ်။
အသေးစိတ်အတည်မပြုနိုင်သေးပေမယ့် လူဦးရေ ၅၀၀ နီးပါးဟာ အိုးမဲ့အိမ်မဲ့အခြေအနေရင်ဆိုင်လိုက်ရတာမို့ အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့အခြေအနေလို့သိရပါတယ်။

Public Service Announcement
“အသက်သေဆုံးသွားတဲ့သူတွေကိုတော့ရှင်အောင်ပြန်လုပ်လို့မရတော့ဘူး။ရှင်သန်ကျန်ရစ်ခဲ့တဲ့သူတွေအတွက်အကူအညီတွေအများကြီးလိုနေတယ်။ဒါကအရေးပေါ်အခြေအနေဖြစ်နေတာပါ”လို့ နမ့်ခမ်းမြို့ခံတဦးကပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ ဇွန်လ ၁ရက်မနက်အထိ ကလေးငယ်အချို့အပါအဝင် အမျိုးသား ၃၅ဦး၊ အမျိုးသမီး၂၀ဦးရုပ်အလောင်းတွေ့ရှိထားပြီး အပျက်အစီးတွေကြားမှာ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
“၅၅ဦး သဂြိုလ်ပြီးပြီ။အပိုင်းအစတွေနဲ့အလောင်းမရသေးတာ ရှာနေဆဲ။ ကျန်သေးတယ်”လို့ ပြောပါတာကယ်ဆယ်ရေးကူညီလုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။
ဒဏ်ရာရသူ ၇၀ ကျော်ကိုလည်း နမ့်ခမ်းဆေးရုံမှာ တင်ပို့ကုသထားပြီး သွေးအပါအဝင် အကူအညီတွေလိုအပ်နေပါတယ်။
တအာင်းပြည်ကောင်စီ(TLC) ကလည်း နေရာဒေသ အသီးသီးရှိ ပြည်သူများအနေဖြင့် ကောင်းတပ်ရွာ ပြည်သူတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူတို့ရဲ့ကျန်ရစ်သူမိသားစုဝင်တွေ၊ ထိခိုက်ဒဏ်ရာရ သူများနဲ့ နေအိမ်အဆောက်အအုံများ ပြန်လည်တည်ဆောက်ဖို့ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပံ့ပိုးဖေးမပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။
အိမ်ပျက်စီးလို့ နေစရာမရှိတော့သူတွေကို တအောင်းတပ် TNLAက နေရာချထားရေးဆောက်ရွက်နေပေမယ့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ရွာလုံးကျွတ်နီးပါး အိုးမဲ့၊အိမ်မဲ့ဖြစ်ရပြီး အဲဒီအတွက် ကူညီပေးနိုင်ဖို့ မြို့ခံတွေကလည်း ကြိုးပမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ခေါင်းဆောင်ပိုင်းအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းအမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရန်၊ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ပေးရန်နဲ့ မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအား အထူးဂရုပြုလုပ်ဆောင်ရန် တအာင်းပြည်ကောင်စီက ထုတ်ပြန်ထားပါတယ်။


















































