ဇွန်-၁၊၂၀၂၆၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
အင်းတော်မြို့ရဲ့ အနောက်ဘက်က ကျေးရွာတွေမှာတိုက်ပွဲဖြစ်နေတာဖြစ်ပြီး စစ်တပ်က ခံစစ်အနေနဲ့သာခုခံနေတယ်လို့ ဆိုပါတယ်။
” စကစဘက်က အရာရှိတွေ အပါအဝင်အထိခိုက် တော်တော်များတယ်လို့ အတွင်းသတင်းရထားတာရှိတယ်။ဒီဘက်ကလည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်နေသလို စကစဘက်ကလည်း နေ့တိုင်း လေကြောင်းနဲ့ ထွက်ပေါက် ရအောင်လုပ်နေတယ်”လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement
စစ်တပ်က တပ်စိတ်တချို့လည်း ပိတ်မိနေတာရှိပြီး လေယာဉ်ပစ်ကူနဲ့ ဖောက်ထွက်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။
“အခြေအနေကတော့ သူ့ဘက်က တိုးလိုက်၊ကိုယ့်ဘက်က တိုးလိုက်ပဲ။မနေ့ကတော့ တိုက်ပွဲငြိမ်နေတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အင်းတော်မြို့အတွင်းကို ပြည်သူတွေလည်း ပြန်မဝင်ရဲသေးဘူးလို့ သိရပါတယ်။
မော်လူးမြို့ကိုတော့ ဒီတပတ်နောက်ဆုံးထာပြီး ပြည်သူတွေ မြို့ထဲဝင်ကြဖို့နဲ့ မဝင်ရင် နေအိမ်တွေ ချိတ်ပိတ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်သတင်းလွှင့်ထားပါတယ်။
မေလ ၃၁ရက် မနေ့ကမနက်ပိုင်းမှာ စစ်တပ်က မော်လူးမြို့အနီးကို လေယာဉ်နဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။


















































