ဇွန်-၇၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။
ချင်းတောင်ပိုင်းမှာ စစ်တပ် ထိုးစစ်ခုခံနေတဲ့ တော်လှန်ရေးတပ်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပြည်သူလူထုတွေ လှူဒါန်းတဲ့ အခြေအနေတွေကို ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြရာမှာအခုလိုအသိပေးထားပါတယ်။
ချင်းတောင်ပိုင်းက ရဲဘော်တွေအတွက် ပြည်သူလူထုလှူဒါန်းခဲ့တဲ့အလှူငွေကျပ်သိန်း(၂၀၀) ဝန်းကျင်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပြီး ရှေ့တန်းကို ပို့ထားပြီးဖြစ်ကြောင်း ဆလိုင်းယောမာန်က မှတ်တမ်းဓာတ်ပုံ ဖော်ပြ ပါတယ်။

Public Service Announcement
“အခုလို ယုံယုံကြည်ကြည်နဲ့ အားပေးလှူဒါန်းကြလိုလည်း အများကြီး ကျေးဇူးတင်ပါတယ်” လို့ ဆလိုင်းယောမာန်က ပြောကြားခဲ့ပြီး ဆက်လက် ပါဝင်ကူညီကြဖို့ တောင်းဆိုထားပါတယ်။
လက်ရှိမှာ Grade One ကျည်ကာ ဦးထုပ် ၁၀ လုံး၊ ဆေးအဖွဲ၊ ထောက်ပို၊ ရှေ့တန်း အတွက် အိုင်ကွန် – ၁၀၀ လုံး၊အားဆေး၊တူရွင်း၊ တူးပြားပေါက်ချွန်း၊power banks၊ မီးစက်စတာတွေ ပံ့ပိုးထားတာလို့ ဆိုပါတယ်။
“နိုင်ငံတဝန်းက တိုက်ပွဲတွေထဲမှာ ဒီစစ်မျက်နှာဟာ စစ်ကော်မရှင်တပ်ကို ဟန့်တားရုံမက တပ်လန်သွားအောင်လုပ်နိုင်ဖို အခွင့်အရေးအများဆုံး စစ်မျက်နှာဖြစ်ပါတယ်။ အားလုံးဝိုင်းကူရင် ကျနော်တို ဖြစ်အောင်လုပ်နိုင်တယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မေလလယ်ကစပြီး ချင်းတောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်နယ်တွေကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လို့ တိုက်ပွဲတွေဖြစ်နေတာပါ။
စစ်တပ်က အင်အား ၂၀၀၀ ခန့် အသုံးပြု ထိုးစစ်ဆင်လာတာဖြစ်ပြီး ချင်းတော်လှန်ရေးရဲဘော်တွေရဲ့ ကာကွယ်ခုခံမှုကြောင့် စစ်တပ်ထိုးစစ် ရှေ့မတိုးနိုင်ဘဲ လေကြောင်း ပစ်ကူအများအပြား အသုံးပြုတိုက်ခိုက်နေကြောင်းလည်း ချင်းတပ်က အသိပေးထားပါတယ်။
ချင်းတပ် CPU/CPAဟာ ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး ၂၀၂၄မှာ မတူပီ၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။ သိမ်းထားတဲ့မြို့တွေ စစ်လက်ထံ ပြန်မရောက်ရေး ပြည်သူတွေ ကျရာနေရာက တိုက်ပွဲဝင်ဖို့လည်း CPU/CPA ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းပီတာသန်းရွှေက နှိုးဆော်ထားပါတယ်။






















































