ဇွန် ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို ဒီကနေ့ ဇွန် ၈ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂) က ထုတ်ပြန်ခဲ့ပြီး ရွှေကူမြို့ခံတွေ စစ်ဘေးတိမ်းရှောင်ကြဖို့ သတိပေးလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေမှာ KIAက အခုလို သတိပေးတာ၊ လမ်းပိတ်တာ တွေ ပြုလုပ်လာတာဖြစ်ပါတယ်။
အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းနယ်မြေဖြစ်သော ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
ပိတ်ပင်ထာသော လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို လုံး၀ တာဝန်မယူဟု အသိပေးပါတယ်။
ရွှေကူမြို့အတွင်းရှိ ပြည်သူအားလုံး ထွက်ခွာတိမ်းရှောင်ကြဖို့ သတိပေးထားသလို ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြို့အတွင်းသာ နေထိုင်နေသော ပြည်သူတွေ အနေနဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို KIO/KIA ဘက်က လုံး၀တာဝန်ယူသွားမှာ မဟုတ်ဘူလို့ သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွှေကူမြို့နယ်အတွင်း နယ်မြေတွေအပါအဝင် KIO/KIA စိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေ ပြန်ရဖို့ စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
“စစ်တပ်ကကတော့ ရွှေ့ကူမြို့ပဲ မဟုတ်ဘူး စစ်ရေး နိုင်ငံရေးအထိနာစေတဲ့ KIA တိုက်ခိုက်သိမ်းယူထားတဲ့ ကချင်-ရှမ်းနယ်စပ်မှာဆိုရင် စစ်ရေး ပထဝီဝင်အနေအထားအရ အရေးပါတဲ့ မဘိမ်းကိုလည်း သူကတော့ ပြန်ထိုးစစ်ဆင်မှာပဲ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ဒေသကိုသာမက တရုတ်အစိုးရကို အားကိုးပြီး ရှမ်းမြောက်ပိုင်းက KIA အပါအဝင် တိုင်းရင်းသားတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ စစ်တပ်က ကြိုးစားနေမှာလို့ ပြောပါတယ်။
“KIA ဘက်ကတော့ တရုတ်အစိုးရရဲ့ ဖိအားအပါအဝင်ပေါ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တကျော့ပြန်ထိုးစစ်ဆင်လာမယ့် လေကြောင်းအပါအဝင် ကုန်းကြောင်းတွေအတွက်ရော အကောင်းဆုံး ပြင်ဆင်ထားပြီလို့ မြင်ပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
KIAကို စစ်တပ်က ထိုးစစ်ဆင်ချိန် ကျန်တဲ့ တော်လှန်ရေးတပ်ဖွဲ့များကလည်း တပြိုင်တည်း စစ်ရေးဖော်ဆောင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။
“ချုပ်ပြီးပြောရရင် အာဏာရှင်စစ်တပ် မတရားအာဏာသိမ်းယူထားတဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် ပြုတ်ကျနိုင်ရေး အာဏာရှင်စနစ်ဖြုတ်သိမ်းနိုင်ရေးအတွက် မြန်မာပြည်သူလူထုတွေရော တိုင်းရင်းသားလက်နက်ကိုင်တွေရော PDF တပ်ဖွဲ့ဝင်တွေရော အားလုံး စစ်ရေး နိုင်ငံရေးအားလုံးတက်ညီလက်ညီတပြိုင်နက်ပူးပေါင်းဆောင်ရွက်နိုင်မှ အောင်မြင်မယ်လို့ ပြောကြားချင်ပါတယ်။” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။


















































