ဇွန် ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် နောင်အချိန်မှာ ကြီးမားတဲ့ သဘာ၀ဘေးကို တားဆီးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်တန့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
၂၀၁၁ ဇွန်လ ၉ရက်က စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား ပဋိပက္ခ ပြန်လည်စတင်ခဲ့ရာ ဒေသခ့ ပြည်သူ သိန်းချီ စစ်ရှောင်ခဲ့ရာ အခုဆို ၁၅နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

Public Service Announcement
စာရင်းတွေအရ စစ်ရှောင်ပြည်သူ ၂၄၄၅၀၀ ကျော်ရှိတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ စစ်ရှောင်ဦးရေ ပိုများလိမ့်မယ်လို့ အဖွဲ့အစည်း ၁၂၉ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ ခန့်မှန်းထားပါတယ်။
“စစ်ကောင်စီ၏ ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်း ခြင်းတို့သည် ပြည်သူများကို အဆက်မပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးစေပြီး၊ မြန်မာနိုင်ငံမှ ထွက်ခွာသွား စေရန် တွန်းအားပေးနေသည်” လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှု သယ်ယူပို့ဆောင်ရေးလမ်းတွေ ပိတ်ထားမှု စတာတွေအပါအဝင် ကချင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများကို ပစ်မှတ်ထား ဖြတ်တောက်မှုတွေလုပ်ဆောင်ခဲ့လို့ အစား အစာ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြစ်ပေါ်စေကာ ကလေးများ၊ အမျိုးသမီးများနဲ့ မသန်စွမ်းသူများအပေါ် ဆိုးရွားစွာ ထိခိုက်စေကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် မကြာသေးမီက နိုင်ငံတကာထောက်ပံ့မှုများ လျော့ကျသွားခြင်းက အရေးပေါ်လိုအပ်ချက်များကို ပိုမိုဆိုးရွားစေကြောင်း ထုတ်ပြန်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြားမှာ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ကြီးမားသော ကန့်ကွက်မှုကြောင့် ယခင်က ရပ်ဆိုင်းထားခဲ့ရတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည် အသက်သွင်းရန် ရန်လိုစွာ ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ကြိုးပမ်းနေတဲ့ မြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာတစ်နိုင်ငံလုံး အတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေကြောင်း၊ ဧရာဝတီမြစ်သည် ပဋိပက္ခဖြစ်ပွားနေ တဲ့ ကချင်ပြည်နယ် မြောက်ပိုင်း တောင်တန်းများမှသည် ငလျင်ဒဏ်သင့် အလယ်ပိုင်းဒေသ၊ မြစ်ဝ ကျွန်း ပေါ်ဒေသအထိ လူမှုအသိုင်းအဝိုင်းပေါင်းစုံကို အသက်ဆက်ပေးနေတဲ့ နိုင်ငံရဲ့ အဓိက သွေးကြောဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
အဖွဲ့အစည်း ၁၂၉ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဦးစားပေးရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တောင်းဆိုထားပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးရသူများအတွက် ရန်ပုံငွေတိုးမြှင့်ပေးဖို့၊ ဒေသတွင်းဦးဆောင်သော အဖွဲ့အစည်းများကို ပံ့ပိုးကူညီဖို့၊ ခုခံတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများသို့ အကူအညီများ ရောက်ရှိစေဖို့ တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
“အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးရန်၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန် လိုအပ်သည့် သံတမန်ရေးရာ အစီအမံအားလုံးကို လုပ်ဆောင်ပေးရန် တိုက်တွန်းပါသည်” လို့ ပူးတွဲကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အရပ်သားများ၊ အထူးသဖြင့် ကလေးများ၊ အမျိုးသမီးများနဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ပံ့ပိုးပေးဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းထံ ခိုလှုံခွင့်ရှာဖွေနေသူများကို ကာကွယ် စောင့်ရှောက်ဖို့လည်း တိုက်တွန်းထားပါတယ်။


















































