ဇွန် -၁၇၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်းတိုက်ခံရပြီး ဗိုလ်ကြီးအပါအ၀င် ၁၀ ဦးသေဆုံးတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မနေ့က(ဇွန် ၁၆ ရက်) ညနေပိုင်းက ဆိပ်ဖြူမြို့ပေါ်က ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်ပါတဲ့ ၆ ဘီးကား ၁စီးနဲ့ ဗိုလ်ကြီး ၁ဦး လိုက်ပါလာတဲ့ အိမ်စီးကားကို ဆိပ်ဖြူမြို့အထွက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကပစ(၂၁)နဲ့ အမှတ်(၉)လေကြောင်းရန်တပ်က ပူးပေါင်းပြီး ထွက်လာတာကို ကြားဖြတ်တိုက်တာ “လို့ ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာ၀န်ရှိသူ ကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
တိုက်ခိုက်မှုအတွင်း MA1 ၅လက်၊ MA2 ၁လက်၊ MA3 ၁လက်၊ MA5 ပစ္စတို ၁လက်၊ ကျည်အိမ် ၁၈ခု၊ ၅.၅၆ ကျည် ၂၄၀တောင့်၊ လက်ပစ်ဗုံး ၂လုံး နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။
“မနေ့က ခံလိုက်ရတော့ ဒီနေ့ မြို့အနီးနားတဝိုက်ကို ၀င်မွှေနေကြတယ်။အင်အား ၂၀၀ လောက်ရှိတယ်”လို့ ဆိပ်ဖြူမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )က လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။
အခု ဇွန်လဆန်းပိုင်းကစပြီး စစ်တပ်က တပ်မ (၅၅၊၈၈၊၉၉)နဲ့ (၁၀၁) ၄ခုအထိသုံးပြီး ဆိပ်ဖြူမြို့နယ် ကပစ(၂၂)စက်ရုံကို အင်အားဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အဲဒီအင်အား ၁,၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ပေါက်မြို့နယ်နဲ့ ဆောမြို့နယ် တွေကို ဖြန့်ခွဲရောက်ရှိနေပြီး တချို့က ဆိပ်ဖြူမြို့နယ်ထဲမှာပဲ ရှိသေးတယ်လို့ သိရပါတယ်။


















































