အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအပြီး ရက်အနည်းငယ် အကြာမှာပဲ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာတွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာက လက်ဘနွန်ပါ စစ်မီး ကူးစက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန် အစိုးရတို့ဟာ အပစ်ရပ် သဘောတူညီမှု သီးခြား ရယူထားပေမယ့် ဟစ်ဇ်ဘိုလာတွေက အသိအမှတ် မပြုခဲ့သလို အစ္စရေးကလည်း လက်ဘနွန် ပိုင်နက်ထဲက ဟစ်ဇ်ဘိုလာ စစ်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေခဲ့ပါတယ်။
အခု သီတင်းပတ်ထဲမှာ အမေရိကန်နဲ့ အီရန်တို့ဟာ စစ်ပြေငြိမ်းရေး ကနဦး သဘောတူညီချက်တွေ ပါဝင်တဲ့ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အပြီးတိုင် စစ်ရပ်စဲရေးအတွက် ဆိုရင်တော့ လက်ဘနွန်မှာ အစ္စရေး ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကိုပါ ရပ်တန့်ဖို့ လိုမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

Public Service Announcement
ဇွန်လ ၁၇ ရက်နေ့က အီရန်နဲ့ အမေရိကန်တို့ကြား စစ်ပြေငြိမ်းရေး သဘောတူ ညှိနှိုင်းဖို့ လက်မှတ်ရေးထိုးခဲ့ပေမယ့် လက်ဘနွန် တောင်ပိုင်းမှာတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၄၇ ဦး အသက်ဆုံးရှုံးခဲ့သလို လက်ဘနွန်မှာ တပ်စွဲထားတဲ့ အစ္စရေးစစ်သား ၄ ဦးလည်း ဟစ်ဇ်ဘိုလာတွေ လက်ချက်ကြောင့် သေဆုံးခဲ့ပါတယ်။
အခုအခါ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့လည်း အပစ်ရပ် သဘောတူညီမှု ရခဲ့ပြီလို့ အမေရိကန်က ကြေညာခဲ့ပြီး အစ္စရေး စစ်တပ်ကလည်း ဇွန်လ ၁၉ ရက်နေ့ကစလို့ အပစ်အခတ် ရပ်စဲရေး စတင် အသက်ဝင်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ လက်ဘနွန်မှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကို ခြိမ်းခြောက်ခံရတာမျိုး ရှိလာရင် ချက်ချင်း လက်တုံ့ပြန်မယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဒါပေမဲ့ လက်ဘနွန်ရဲ့ နာဘာတီရာမြို့မှာ ရှိနေတဲ့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အပစ်ရပ် သဘောတူညီမှု ကြေညာပြီး နောက်ပိုင်း အနည်းဆုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ တစ်ဒါဇင်လောက် ဆက်လက် ဖြစ်ပွားနေခဲ့ကြောင်း ပြောပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ အပစ်ရပ်တော့မယ်လို့ အိမ်ဖြူတော်က ကြေညာပြီးမှ လက်ဘနွန်မှာ အခြေအနေတွေ ဆက်ပြီး တင်းမာနေတာဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေနဲ့ အီရန်စစ်ပွဲ ကိစ္စမှာ မဟာမိတ် အစ္စရေးကို ထိန်းသိမ်းရ ခက်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို ပိုပြီး ကျယ်လောင်လာစေပါတယ်။
အမေရိကန်က အပစ်ရပ် ကြေညာချက် ထုတ်ပြန်ပြီး မကြာခင်မှာပဲ အစ္စရေးရဲ့ လက်ယာစွန်းဝါဒီ အမျိုးသား လုံခြုံရေး ဝန်ကြီး အီတာမာ ဘန်ဂီဗာက အစ္စရေး စစ်သားတွေ ကျဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး လက်ဘနွန်ကို လောင်တိုက်သွင်းပစ်ရမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ အစ္စရေး မိခင်တစ်ဦး မျက်ရည်ကျရင် လက်ဘနွန်မှာလည်း မိခင်ပေါင်း တစ်ထောင် မျက်ရည်ကျရစေမယ်လို့ သူက ပြောပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီကတော့ အစ္စရေးဟာ အရှေ့အလယ်ပိုင်းမှာ အမြဲတမ်း တောက်လောင်နေတဲ့ စစ်မီးကို မွှေးချင်နေတာလို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာ အတွင်းရေးမှူးချုပ် ရှိတ်ခ်နီယမ် ကာဆမ်ကတော့ ဟစ်ဇ်ဘိုလာကို အပြတ်ရှင်းမယ်ဆိုတဲ့ အစ္စရေးရဲ့ စီမံကိန်းကြီး ကျဆုံးသွားပြီဖြစ်ကြောင်း၊ အစ္စရေး တပ်တွေဟာ လက်ဘနွန်ပိုင်နက်ထဲမှာ တစ်လက်မတောင် ကျူးကျော်နေခွင့် မရှိဘဲ ပြန်ဆုတ်ခွာရမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
လက်ဘနွန် စစ်ရေး သတင်းရင်းမြစ်တွေရဲ့ အဆိုအရ လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး တပ်ဖွဲ့တစ်ခု ချုံခို တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း နှစ်ဖက် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့တာလို့ သိရပါတယ်။ ဟစ်ဇ်ဘိုလာတွေရဲ့ ပဲ့ထိန်း ဒုံးကျည်တွေကြောင့် တင့်ကား ၃ စီး ပျက်စီးခဲ့သလို အစ္စရေး တပ်သားတွေလည်း လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာ ခံခဲ့ရပါတယ်။ အစ္စရေးဖက်က သေဆုံးတဲ့ တပ်ဖွဲ့ဝင် ၄ ဦးထဲမှာ တပ်ရင်းမှူး ၁ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် အစ္စရေး စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပြီး ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၄၇ ဦးသေ၊ ၉၇ ဦး ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ အပစ်ရပ်မယ်လို့ အမေရိကန်က ကြေညာခဲ့ပေမယ့် စစ်ရှောင် လက်ဘနွန် ပြည်သူတွေကတော့ အစ္စရေး စစ်တပ်ဟာ ဒီသဘောတူညီမှုကို တိတိကျကျ လိုက်နာပါ့မလားလို့ သံသယ ရှိနေပြီး နေရပ်ပြန်ဖို့ တွန့်ဆုတ်နေဆဲလို့လည်း သိရပါတယ်။
ကိုးကား: BBC


















































