ဇွန်-၂၀ ၊၂၀၂၆။People’s Spring
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကမြန်မာ့နိုင်ငံရေး၊လူသားချင်း စာနာမှုနဲ့ လုံခြုံရေး အကျပ်အတည်းတွေဟာ ပိုမိုဆိုးရွားလာနေကြောင်းသတိပေး ပြောကြားသွားခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့တုန်းကကုလသမဂ္ဂ လုံခြုံရေးညီလာခံရဲ့အလွတ်သဘောဆွေးနွေးမှု အစီအစဉ်တစ်ခုမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့က စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာနိုင်ငံ အခြေအနေတွေကို တင်ပြခဲ့ရာမှာ ကဏ္ဍပေါင်းစုံက တောက်လျှောက် အဆိုးဖက်ကို ဦးတည်ပြီး ဆုတ်ယုတ် ကျဆင်းလာနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
စစ်ရှောင် အရေအတွက်က တရိပ်ရိပ် တိုးလာနေသလိုအစုအဖွဲ့နဲ့ ဒုစရိုက်မှုကျူးလွန်သူတွေကလည်းပိုမိုနယ်ပယ် ချဲ့ထွင်လာနေကြောင်း၊ ဆိုးကျိုးတွေ ခံစားရတဲ့ နယ်မြေတွေကလည်း ကျယ်ဝန်းလာနေကြောင်းဘစ်ရှော့ကဆိုပါတယ်။

Public Service Announcement
နောက်ပြီး မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာ မျိုးနွယ်စုတွေရဲ့ အခြေအနေတွေကလည်း အရမ်း အကျပ်အတည်း ဆိုက်နေဆဲလို့ သူက ပြောပါတယ်။
မြန်မာ့ပြည်တွင်းရေးမတည်ငြိမ်မှုတွေရဲ့ ဆင့်ကဲ ရိုက်ခတ်မှုတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးကိုပါသက်ရောက်မှုတွေဖြစ်လာစေကြောင်း ဘစ်ရှော့က သတိပေးခဲ့ပါတယ်။ အခုဆိုရင်မြန်မာနိုင်ငံဟာဆိုက်ဘာ ရာဇဝတ်မှုတွေ၊ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခု ဖြစ်လာနေပြီလို့လည်း သူက ပြောဆိုသွားပါတယ်။
နောက်ပြီး မြန်မာနိုင်ငံဟာအခုဆိုရင်ကမ္ဘာပေါ်မှာဆာလောင်မွတ်သိပ်မှုဘေးအပြင်းထန်ဆုံးကြုံနေရတဲ့(အငတ်ဘေးကြုံနေရတဲ့) နိုင်ငံတွေ စာရင်းမှာ အဆင့် ၆ နေရာကို ရောက်နေတယ်လို့လည်း ဘစ်ရှော့က တင်ပြခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်တွင်းပြည်ပမှာ ရွှေ့ပြောင်းနေရပြီး ပြည်တွင်း ရွှေ့ပြောင်းသူ ၃.၇ သန်းကျော်နဲ့ ပြည်ပကို တိမ်းရှောင်သွားသူ ၁.၆ သန်းလောက် ရှိတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်းရိုဟင်ဂျာ ၁.၂ သန်းလောက်ကိုလက်ခံပေးထားရပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေရှေ့ဆက်ပိုပြီး ဆိုးရွားမလာအောင်တားဆီးပေးဖို့၊လူသားချင်း စာနာမှုမစ်ရှင်တွေအကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့တိုင် ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ စိတ်ပိုင်းဖြတ်မှုတွေအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားဖို့လည်းဘစ်ရှော့က တောင်းဆိုခဲ့ပါတယ်။
နိုင်ငံတကာ အစိုးရ အသီးသီး အနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေး ထောက်ခံရင်း နိုင်ငံရဲ့ဆိုးသထက်ဆိုးလာတဲ့အကျပ်အတည်းနဲ့ပတ်သက်ပြီးအာရုံစိုက်တုံ့ပြန်ပေးဖို့လည်း ထပ်လောင်း တိုက်တွန်းသွားခဲ့ပါတယ်။
ကိုးကား-Anadolu Agency


















































