-သော်မွန်/People’s Spring
ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့ရွေးကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက် အိန္ဒိယခရီးစဥ်မှာ သဘောတူညီမှုတွေ လက်မှတ်မရေးထိုးနိုင်ခဲ့ပေမယ့် ၅ရက်ကြာတရုတ်ခရီးစဥ်မှာတော့ ရှီကျင့်ဖျင်က ပေကျင်းမြို့က ပြည်သူ့ခန်းမဆောင်ကြီး (The Great Hall of the People)မှာ တွေ့ဆုံခဲ့သလိုပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နှစ်ဘက်စလုံးက ထုတ်ပြန်ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ မီဒီယာအစရှိတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်မှတ်ရေးထိုးတဲ့နေ့မှာ စစ်တပ်ဘက်က သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာ(MoU) ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝါဒဖြန့်ခဲ့ပေမယ့် နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ ၁၈ ခုဆိုတဲ့ အရေအတွက် မပါလာတော့ပါဘူး။ တရုတ်အစိုးရပိုင်သတင်းဌာနတွေမှာတော့ ကနဦးထုတ်ပြန်စဥ်ကတည်းက အရေအတွက် မဖော်ပြခဲ့ပါဘူး။

Public Service Announcement
သမ္မတရှီကျင့်ဖျင် နဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေဖို့၊ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ပိုမိုခိုင်မာလေးနက်မှုရှိစေဖို့ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကာ အရေးကြီးတဲ့ သဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ပူးတွဲကြေညာပါတယ်။
ဒီခရီးစဥ်က မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုအတွက် သံတမန်ရေးရာ အောင်ပွဲကြီးဖြစ်ပြီး တရုတ်က နိုင်ငံရေး၊ စီးပွားရေးအလွှာစုံ ထိတွေ့ဆက်ဆံလိုက်တာမျိုးတွေ့ရတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကိုသူရိန်နိုင်က ပြောပါတယ်။
“အလွှာစုံဆိုတာ သမ္မတတင်မကဘူး။ NPC – National People Congress တွေ၊ စီးပွားရေး အသိုင်းအဝိုင်းတွေ၊ အလွှာစုံ ထိတွေ့နိုင်လိုက်တယ်။ဆိုတော့ဒါကသူ(မင်းအောင်လှိုင်)တစ်ယောက်တည်း အတွက်တင်မဟုတ်ဘူး။ သူအသွင်ပြောင်းထားတဲ့ regime တစ်ခုလုံးအတွက်ပါ အကျိုးစီးပွားအရရော၊ နိုင်ငံရေးအရရော အကျိုးအမြတ် အများကြီးရနိုင်တဲ့ potential ရှိတဲ့ တွေ့ဆုံမှု ၊ ထိတွေ့ဆက်ဆံမှုတစ်ခု ဖြစ်သွားပြီ”လို့ သူက ဆိုပါတယ်။

အာဏာသိမ်းအုပ်စုရဲ့ တရုတ်ခရီးစဥ်မှာ Asia World ဦထွန်းမြင့်နိုင် ၊ Max ဦးဇော်ဇော် ၊ရွှေသံလွင် ဦးကျော်ဝင်း စတဲ့ ခရိုနီအဟောင်းတွေရော ၊နိုင်ဖြိုးကျော်အပါအဝင် ခရိုနီလက်သစ်တွေရော လိုက်ပါသွားကြတာတွေ့ရပါတယ် ။နိုင်ဖြိုးကျော်က မင်းသမီး ဝတ်မှုန်ရွှေရည်ရဲ့ ခင်ပွန်း ၊မော်ဒယ်လ် မိုးစက်ဝိုင်ရဲ့အကို ၊ မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက်ဖြစ်ပါတယ် ။ ခရိုနီတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ အသင်းအဖွဲ့တွေက ဦးဆောင်သူတွေအစုံအလင်လိုက်ပါသွားတာမို့ စစ်အုပ်စုက အခုခရီးစဥ်ကိုအသေအချာပြင်ဆင်ခဲ့တာထင်ရှားနေပါတယ်။
တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ သမ္မတရှီကျင့်ဖျင်က စစ်ခေါင်းဆောင်ကို အခုလို ဖိတ်ခေါ်လိုက်တာက တရားဝင်အသိအမှတ်ပြုလိုက်တဲ့‘အပေး’သဘောဖြစ်ပြီး တခြားညှိနှိုင်းတာတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
သမ္မတရှီက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးစဥ်မှာ မြန်မာနိုင်ငံကို အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ ဦးစားပေးအဆင့် ထားရှိတယ်လို့ ပြောပြီး ပြည်သူလူထုထောက်ခံတဲ့ ဖွံ့ဖြိုးရေးလမ်းတွေကို ရှာဖွေဖို့ ပြောပါတယ်။ သမ္မတရှီရဲ့အဲဒီပြောကြားချက်ကအရေးကြီးပြီး သတိပေးလိုတဲ့သဘောတွေ့ရတယ်လို့ ဒေါက်တာလှကျော်ဇောက ရှုမြင်ပါတယ်။
“မင်းအောင်လှိုင်ကိုခေါ်ပြီး သူ့အကြိုက်လည်း ပေး၊ ကိုယ်လိုချင်တာလည်း ပြောပေါ့ဗျာ”လို့ အထက်ပါ တရုတ်-မြန်မာအရေးကျွမ်းကျင်သူက မှတ်ချက်ပြုပါတယ်။
ဘေဂျင်းအစိုးရက နေပြည်တော်က မင်းအောင်လှိုင်တို့ကို အသိအမှတ်ပြုထောက်ခံရာမှာ ပုံပြီးယုံကြည်လိုက်တာမျိုးတော့မဟုတ်ဘဲ အကန့်အသတ်တွေနဲ့ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ဆိုပါတယ်။

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယရော၊ တရုတ်ရော အခု မင်းအောင်လှိုင်ကို တဆင့်တက် ဆက်ဆံလိုက်တဲ့သဘောက မဖြစ်မနေ ဆက်ဆံရမယ့် အိမ်နီးချင်းဖောက်သည်အနေနဲ့ ဆက်ဆံကြတဲ့သဘောဖြစ်ပြီး မင်းအောင်လှိုင်ကို အဆင့်မီ တိုင်းပြည်ခေါင်းဆောင်တစ်ဦးလို မဆက်ဆံတာ သိသာထင်ရှားတယ်လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ မင်းအောင်လှိုင် အရမ်းလိုချင်နေတဲ့ အသိအမှတ်ပြုမှုကို ပေးပြီး တရုတ်တို့၊ အိန္ဒိယတို့က သူတို့ လိုချင်တဲ့ အကျိုးစီးပွားအတွက်ကိုပဲ ရည်ရွယ်ပြီး ဆက်ဆံနေတာလို့ သူက ဆက်ပြောပါတယ်။
“တရုတ်ကမင်းအောင်လှိုင်ရဲ့နိုင်ငံရေးအဆင့်အတန်းကို သိတယ်လေ၊ ဦးသိန်းစိန်တုန်းကလည်း ကြုံပြီးပြီ။ ပြည်သူ အမှန်တကယ်မထောက်ခံတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ကတိကဝတ်ဆိုတာ အချိန်မရွေး ပျက်စီးသွားနိုင်တာပဲလေ။တရုတ်က သူ့မှာ ကြုံခဲ့ရဖူးတဲ့ မြစ်ဆုံ သင်ခန်းစာလည်းရှိတယ်။မင်းအောင်လှိုင်က ဇွတ် အာဏာလုထားတယ်ဆိုတာလည်း သိကြတာပဲ”လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က ပြောပါတယ်။
တရုတ်နဲ့ စစ်အုပ်စုတို့ ပူးတွဲကြေညာချက်အရ သဘောတူညီခဲ့ကြတယ်ဆိုတဲ့ အချက်ပေါင်း ၁၄ ချက် ရှိပြီး အဲဒီထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မှုကို မြှင့်တင်ဖို့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မန္တလေး-မူဆယ်ရထားလမ်းလို အဓိကစင်္ကြံစီမံကိန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မပျက် ပုံမှန်တိုးမြှင့်ဆောင်ရွက်သွားဖို့ သဘောတူညီချက်၊ နှစ်နိုင်ငံ အဆင့်တိုင်းမှာ နီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းသွားဖို့၊ အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှုများကို တိုးမြှင့်သွားဖို့နဲ့ အစိုးရ၊ ဥပဒေပြုလွှတ်တော်နဲ့ ဒေသန္တရအာဏာပိုင်အချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားဖို့ သဘောတူညီချက်တွေ ပါဝင်ပါတယ်။
နောက်ပြီးနှစ်နိုင်ငံဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝများကို အထောက်အကူပြုစေဖို့ စိုက်ပျိုးရေး၊ သစ်တောရေးရာနဲ့ မွေးမြူရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ အရည်အသွေးမြင့် ထုတ်ကုန်များအတွက် ကန့်သတ်စောင့်ကြည့်စစ်ဆေးမှုဆိုင်ရာ ဝင်ရောက်ခွင့်များကို လွယ်ကူချောမွေ့စေဖို့နဲ့ နှစ်နိုင်ငံအကြား ခေတ်မီအကောက်ခွန်စီမံခန့်ခွဲမှုဆိုင်ရာများကိုရှာဖွေဖော်ထုတ်သွားဖို့ သဘောတူညီချက်၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးကဏ္ဍတွေနဲ့အညီ နှစ်ဖက်သဘောတူထားတဲ့ အခြေခံအဆောက်အအုံ၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းများကို အချိန်နဲ့တစ်ပြေးညီ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ သဘောတူညီချက်တို့လည်း ပါဝင်ပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဖို့အတွက် ဆက်သွယ်ညှိနှိုင်းမှုများနဲ့ ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့၊ (၅)ကြိမ်မြောက် လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးကို ပံ့ပိုးကူညီဖို့၊ အဆင့်မြှင့်တင်ထားတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု “၂.၀” (LMC 2.0)မူဘောင်ကို လက်တွဲတည်ဆောက်ဖို့နဲ့ လန်ချန်း-မဲခေါင်နိုင်ငံများအကြား ငြိမ်းချမ်း၊သာယာဝပြောသော အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုကိုမြှင့်တင်ဖို့ သဘောတူညီချက်နဲ့ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၊ အာဆီယံ၊ ဘင်းမ်စတက် (BIMSTEC)နဲ့ အက်ခမက်စ်(ACMECS) အပါအဝင် နိုင်ငံစုံမူဘောင်တွေမှာ အပြန်အလှန်ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားဖို့ သဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာထိုင်ဝမ်အရေးနဲ့ပတ်သက်လို့လည်း တရုတ်ရဲ့ရပ်တည်ချက်အတိုင်း‘တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒ’ကို ကတိပြုထောက်ခံခဲ့ပြီး ဟောင်ကောင်၊ ရှင်ကျန်း နဲ့ ရှီးကျန့်တို့နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးအဖြစ်မှတ်ယူကာ ခိုင်မာစွာပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ တရုတ်နဲ့ စစ်အုပ်စုတို့ သဘောတူခဲ့၊ လက်မှတ်ရေးထိုးခဲ့တာတွေနဲ့ပတ်သက်လို့ ချက်ချင်းသိရဖို့ ခက်ခဲပြီးဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုဆက်လက်စောင့်ကြည့်ဖို့ လိုတယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိ နေပြည်တော်အာဏာသိမ်းစစ်အုပ်စုက နိုင်ငံရဲ့ဒေသအများအပြားကို ထိန်းချုပ်မှု မရရှိထားတာကို တရုတ်ကလည်း သိရှိနေမှာဖြစ်ပြီး ကိစ္စရပ်တော်တော်များများကို စုံစမ်းဆဲ၊ လေ့လာဆဲ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုကြပါတယ်။
အရင်အစိုးရလက်ထက်တွေကလည်း လက်မှတ်ရေးထိုးပြီး လက်တွေ့ဖြစ်မလာတာတွေ အများကြီးရှိပြီး အခုလည်း တရုတ်က အနံ့လောက်သာ ပေးထားတဲ့အခြေအနေဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က ပြောပါတယ်။
“ဒါတွေ တကယ် လက်တွေ့ ဖြစ်လာဖို့ မင်းအောင်လှိုင်ဘက်က အများကြီး ပြင်ဆင်ရဦးမှာ၊ ပြီးမှ နောက်တစ်ဆင့် လက်တွေ့ လုပ်ကိုင်ဖို့ အသေးစိတ်စကားပြောကြရဦးမှာ။ MoU(နားလည်မှုစာချွန်လွှာ)လောက်နဲ့တော့ ရွှေအိုးထမ်းလာတယ်ပြောလို့မရဘူးပေါ့”လို့ အထက်ပါ နိုင်ငံရေးအကဲခတ်က တရုတ်ခရီးစဥ်အတွင်း မင်းအောင်လှိုင်ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။
မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်မှာ နယ်စပ်ချင်းထိစပ်နေတဲ့ ချင်း၊ စစ်ကိုင်း၊ ကချင်ပြည်နယ်က စစ်တပ်ခန့် ဝန်ကြီးချုပ်တွေကို ခေါ်မသွားပေမယ့် အခုတရုတ်ခရီးစဥ်မှာတော့ စစ်တပ်ခန့် ကချင်နဲ့ ရှမ်းပြည်နယ်တို့က ဝန်ကြီးချုပ်တွေ လိုက်ပါသွားပါတယ်။ ခရီးစဥ်မှာ ကချင်ပြည်နယ်က ထွက်ရှိ မြေရှားသတ္တုအရေးနဲ့ မြစ်ဆုံစီမံကိန်းလို အရေးကြီးကိစ္စရပ်တွေ ထည့်သွင်းဆွေးနွေးကြလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ယူဆနေပေမယ့် ပူးတွဲထုတ်ပြန်ချက်တွေမှာ အဲဒီအရေးကိစ္စတွေ ထည့်သွင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ရင်လည်း အာဏာသိမ်းစစ်တပ်ဟာ သူ့ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စီမံကိန်းပြန်စဖို့ အားစိုက်ကြိုးစားနေတာပါ။ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဘူမိဗေဒပညာရှင်တွေကတော့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။
“တရုတ်နဲ့ပတ်သက်ရင် လူထုထိလွယ်ရှလွယ်ဖြစ်နေတဲ့ မြစ်ဆုံလိုမျိုး ကိစ္စရပ်တွေမှာ ဘာပြောလိုက်လဲဆိုတာ ရှေ့မှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့”လို့ နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစစ်အုပ်စုက သူ့တရားဝင်မှုရရှိရေး၊ အာဏာတည်မြဲရေးအတွက် တရုတ်ကို တိတ်တဆိတ် ဘာတွေ ထိုးအပ်ခဲ့သလဲဆိုတာ သမိုင်းသင်ခန်းစာတွေအရ စိုးရိမ်စရာကောင်းတယ်လို့ ရန်ကုန်သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပါတယ်။ “စစ်တပ်နဲ့ တရုတ်ကြားက သဘောတူညီမှုတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့လူထုကို ပွင့်လင်းမြင်သာစွာ ဘာများ ချပြခဲ့လို့လဲ။ အခုလို သူတို့ ထုတ်ပြန်သလောက်ပဲ လူထုက သိကြရတာ”လို့ သူက ဆိုပါတယ်။
ဒေါက်တာ လှကျော်ဇောကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဥ်တလျှောက်လုံးကို စောင့်ကြည့်ဖြစ်ပြီး အရည်အချင်းနိမ့်ပါးလွန်းသူတစ်ဦးဆိုတာကို ထင်ထင်ရှားရှားတွေ့လိုက်ရတယ်လို့ မှတ်ချက်ပြုပါတယ်။ “မင်းအောင်လှိုင်မှာ တိုင်းချစ်ပြည်ချစ်စိတ်တောင် အခြေခံမရှိဘူးထင်တယ်။ ကျွန်မကကိုယ့်ပြည်သူတွေကို သတိရတယ်၊ စိတ်ထဲထိခိုက်တယ်။သူ(မင်းအောင်လှိုင်)ကတော့ ပျော်မြူးနေတာလေ”လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
တရုတ်-စစ်အုပ်စုပူးတွဲထုတ်ပြန်ချက်အရတော့ တစ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားနဲ့ အလေးထားရမယ့် အရေးကိစ္စရပ်တွေမှာ အပြန်အလှန် ခိုင်မာစွာ ဆက်လက်ပံ့ပိုးကူညီသွားကြမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်အုပ်စုဟာ နိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ သမ္မတရှီကို ကတိပြုခဲ့ပါတယ်။
နှစ်ဖက်လုံးဟာ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများကို တိုးမြှင့်သွားမှာဖြစ်ပြီး ‘ရပ်ဝန်းနဲ့ ပိုးလမ်းမ’တည်ဆောက်မှုအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တကယ်တမ်း လက်တွေ့ မြေပြင်အကျိုးစီးပွားတွေ ပေါ်ပေါက်ဖို့ဆိုတာ အဝေးကြီးလိုသေးပြီး တရုတ်စီမံကိန်း အဟောင်းတွေရော အသစ်တွေရော လက်တွေ့ မြေပြင်မှာ ဖော်ဆောင်ဖို့ဆိုတာ မင်းအောင်လှိုင်အနေနဲ့ အတော်ကြီး လုပ်ယူရဦးမှာလို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
“လတ်တလော ဖြစ်ပေါ်နေတဲ့ မြေပြင်စစ်ရေး အနေအထားတွေက စီမံကိန်းတွေ အေးအေးလူလူ ပြန်စဖို့လောက်အထိ အာမခံချက်မရှိသေးဘူး။ တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုတာ လတ်တလောဖြစ်နိုင်ခြေ မမြင်သေးဘူး”လို့ သူက ဆက်ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(လားရှိုး)အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်လုံးနီးပါးကိုလက်လွှတ်ဆုံးရှုံးခဲ့ရဖူးတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့်သာ အဲဒီဒေသမှာ စစ်ရေးအရပြန်လည်ဦးမော့လာခဲ့တာပါ။တရုတ်ကတော့ မြန်မာပြည်တွင်းရေး ဝင်မစွက်ဖက်ဘူးလို့ အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားပေမယ့် ရှမ်းမြောက်ဒေသ စစ်ရေး၊ နိုင်ငံရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေက သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ တို့မှာ စစ်ရေးအောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ ကိုးကန့်(MNDAA)နဲ့ တအာင်း(TNLA)တို့အပေါ် တရုတ်က တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ ဖိအားပေးအကြပ်ကိုင်ခဲ့တာကြောင့် ရှမ်းမြောက်ရဲ့ စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းဖြစ်ပြီး စစ်တပ်ဘက်က ပြန်အလေးသာသွားခဲ့တာလို့ စစ်ရေး-နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
တရုတ်ဟာ မြန်မာဆီကနေ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံ၊ တသမတ်တည်းပြောဆိုပြုမှုတဲ့မိတ်ဖက်နိုင်ငံအဖြစ်အလိုရှိကြောင်း နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။ အာဏာသိမ်းခါစက စစ်တပ်ကို တရုတ်အနေနဲ့ ခပ်ခွာခွာကနေ ဆက်ဆံခဲ့တာဟာ စစ်တပ်ဆီကနေ သူလိုချင်တာတွေ မရခဲ့လို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “မင်းအောင်လှိုင်အနေနဲ့ တရုတ်ကို အတိုင်းအတာတစ်ခုအထိ ပြန်စည်းရုံးနိုင်ခဲ့လို့ ဒါမျိုးကို တရုတ်က ဆက်လက်စောင့်ကြည့်ဦးမယ်လို့ ထင်ပါတယ်”လို့ ကိုသူရိန်နိုင်က ဆက်ပြောပါတယ်။
ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးကလည်း တရုတ်အနေနဲ့ ဘယ်လိုပဲ စဉ်းစားသည်ဖြစ်စေ မြန်မာစစ်တပ်က တစ်ခုတည်းခေါင်းဆောင်မှု အောက်မှာရှိတာ၊ သူတို့လို ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းတာတွေကြောင့် မင်းအောင်လှိုင်ကို ရွေးချယ်လိုက်တာလို့ သုံးသပ်ပါတယ်။
“တရုတ်က အနောက်နိုင်ငံ ပုံစံ ဒီမိုကရေစီကို မကြိုက်ဘူး။စစ်တပ်ကပဲပါတီဖွဲ့ပြီး လွှတ်တော်ကိုလွှမ်းမိုးချုပ်ကိုင်ထားမယ်၊စစ်ခေါင်းဆောင်တွေကပဲ အစိုးရခေါင်းဆောင်တွေ ဖြစ်လာမယ်ဆိုတဲ့အခင်းအကျင်းဟာ တရုတ်ကွန်မြူနစ် နိုင်ငံရေး အုပ်ချုပ်ရေးပုံစံနဲ့ သံတူကြောင်းကွဲပဲ။ ဒါ့ကြောင် မင်းအောင်လှိုင်ကိုအမြန်ကောက်ဝယ်လိုက်တယ်လို့မြင်တယ်”လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်ကဆိုပါတယ်။
ဒါပေမဲ့ မင်းအောင်လှိုင်အပေါ် ဆန့်ကျင်မှုတွေ ရှိနေတာကို တရုတ်က စိတ်မချဘဲ အဲဒါကြောင့် သတိနဲ့ တဖြည်းဖြည်း လေ့ကျင့်ခန်းတွေ၊ အိမ်စာတွေ ပေးပြီး ရေရှည် သုံးနိုင်အောင် ပြုစုပျိုးထောင်နေတယ်တယ်လို့ အထက်ပါအကဲခတ်က ယူဆပါတယ်။
ဒီအခြေအနေမှာ တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ ဘယ်သူမှ ငြင်းပယ်လို့ မရတဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်ဆိုတာ တရုတ် နားလည်လက်ခံလာအောင်လုပ်ရမှာဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က တိုက်တွန်းပါတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားကို မထိိခိုက်ဘူးဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြောင်းလဲပစ်ဖို့အထိ သဘောထားမရှိဘူးလို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။
မင်းအောင်လှိုင်ကတရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို အစွမ်းကုန်ကာကွယ်မယ်လို့ ရှီကျင့်ဖျင်ကို ကတိပြုခဲ့တာက အာရုံစိုက်စရာတစ်ခုဖြစ်ပါတယ် ။အာဏာသိမ်းခေါင်းဆောင်က တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေလုံခြုံရေးကိုအာမခံတယ်ဆိုပေမယ့် ကျောက်ဖြူရေနက်ဆိပ်ကိမ်းစီမံကိန်း ၊အထူးစီပွားရေးဇုန် စတဲ့ တရုတ်ရဲ့ အဓိကစီမံကိန်းတွေဟာ ရခိုင်ပြည်နယ်မှာတည်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ ဒါ့အပြင် AA က အခုလပိုင်းမှာ ကျောက်ဖြူ ၊စစ်တွေမြို့တွေကစစ်တပ်စခန်းတွေကို အရှိန်မြှင့်ထိုးစစ်ဆင်နေပါတယ် ။
အလားတူ တရုတ်နိုင်ငံကမြန်မာနိုင်ကအဓိကဝယ်ယူနေတဲ့ မြေရှားဓါတ်သတ္ထုတွေဆိုရင်လည်းကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကထိန်းချုပ်ဒေသတွေမှာအဓိကထွက်ရှိ နေတာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်းတလျှောက် ဒေသအများအပြားကိုတော်လှန်ရေးတပ်တွေကထိန်းချုပ်ထားသလို ၊တရုတ် စီမံကိန်းအချို့ဟာလည်းတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ဒေသတွေမှာရှိနေတာဖြစ်ပါတယ်။
“မင်းအောင်လှိုင်လော်ဘီတွေက တရုတ်ရဲ့ ရပ်တည်ချက်ကို ပုံကြီးချဲ့ပြီး စိတ်ဓါတ်စစ်ဆင်ရေးအတွက်သုံးနေတာပါ။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တရုတ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် စိတ်ရှည်ရှည် သတိကြီးကြီးနဲ့ချဉ်းကပ်ကြဖို့ လိုတယ်”လို့ အဲဒီနိုင်ငံရေးအကဲခတ်က အကြံပြုပါတယ်။
ဆက်လက်ပြီး သူက “တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ မငြင်းပယ်နိုင်တဲ့ လက်တွေ့ မြေပြင်မှာစစ်ရေး၊နိုင်ငံရေးစည်းရုံးရေး ရလဒ်ကောင်းတွေ ဖေါ်ဆောင်နိုင်ဖို့ လိုတယ်”လို့ အကြံပြုပါတယ်။
ဒီအခြေအနေမှာ ပြည်သူတွေ နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ရည်မှန်းချက်ပြည့်ဝဖို့ ဆိုရင် အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ပြောသလို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီကို မရောက်ရောက်အောင် သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဇွန်လ ၁၉ရက် ကျရောက်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်မ်အဲရစ် ခေါ် ကိုထိန်လင်းဆီကို စာရေးသားရာမှာ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။
သူက တော်လှန်ပြည်သူတွေ၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက်လည်း ကိုထိန်လင်းရဲ့ စကားအတိုင်း ထပ်တူသုံးပြီး အားပေးစကားပြောရရင်တော့ “ညီအစ်ကိုတို့ရေ… အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့ စာရေးသားတိုက်တွန်းထားတာဖြစ်ပါတယ်။
အာဏာလုခေါင်းဆောင်ကို ရှီကျင့်ဖျင်က ပြည်သူ့ခမ်းမဆောင်ကြီးမှာ အသိအမှတ်ပြု ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းနေ့စဥ်နဲ့အမျှပြည်သူထောင်ပေါင်းများစွာသတ်ဖြတ်၊နေအိမ်သိန်းချီမီးရှို့ တစ်နိုင်ငံလုံးအနှံ့ ဗုံးပတ်ကြဲနေတဲ့ မင်းအောင်လှိုင်ကို ပြည်သူတွေက နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနိုင်ပါ့မလားဆိုတာ အဓိကမေးခွန်းဖြစ်လာမှာပါ ။ ပြည်သူ့ခန်းမဆောင်ကြီးမှာ ရှီကျင့်ဖျင်က ICCရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားအာဏာရှင် ပူတင်ကိုလည်းလက်ခံတွေ့ဆုံဖူးပါတယ် ။ မင်းအောင်လှိုင်ကိုလည်း အာဂျင်တီးနားတရားရုံးက ၂၀၂၅ ဖေဖော်ဝါရီလမှာ ဖမ်းဝရမ်းထုတ်ထားသလို ၊အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး(ICC)က ဖမ်းဝရမ်းထုတ်ပေးဖို့တရားလိုပြရှေ့နေက ၂၀၂၄ နိုဝင်ဘာလမှာ လျှောက်ထား ထားပါတယ်။ဒါ့အပြင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ထားတဲ့စစ်ရာဇတ်မှုတွေအတွက် အရှေ့တီမော နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတရားရုံးတွေမှာလည်း တရားစွဲဖို့ကြိုးစားနေကြပါတယ် ။
တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်က ဆက်ဆံရေးကောင်းမွန်ခဲ့ဖူးတဲ့ သာဓကရှိပြီး လက်ရှိတော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ်နဲ့ ပြောဆိုဆက်ဆံရာမှာ တစ်ယောက်တပေါက်ဖြစ်လို့ မရဘဲ စိတ်ချယုံကြည်ရတဲ့ မိတ်ဖက်၊ တသမတ်တည်းဖြစ်ဖို့လိုအပ်ကြောင်း ကိုသူရိန်နိုင်က အကြံပြုပါတယ်။
“reliable partner ဖြစ်တယ်ဆိုတာကို တရုတ်ကိုကိုယ့်ဘက်ကအမြဲတမ်းပြသနေနိုင်ဖို့ လိုတယ်။အဲဒီလိုမှပဲတရုတ်နဲ့ကဒီထက်ပိုပြီး အဆင်ပြေတဲ့ အရွေ့တွေ လုပ်နိုင်မှာ”လို့ သူက ဆိုပါတယ်။
ဒီစစ်အာဏာရှင်စနစ်ရှိနေသရွေ့ မြန်မာပြည်ကြီး မတိုးတက်နိုင်၊ မငြိမ်းချမ်းနိုင်ဘူးဆိုတာ ပြည်သူလူထုသိရှိထားပြီးဖြစ်ကြောင်းနဲ့ လုပ်စရာရှိတာ ဆက်လုပ်ကြဖို့အရေးကြီးကြောင်း ဒေါက်တာလှကျော်ဇောက တိုက်တွန်းပါတယ်။အာဏာသိမ်းစစ်တပ်နဲ့ မင်းအောင်လှိုင်ကို တရုတ်မပြော နဲ့ သိကြားမင်းဆင်းကယ်လည်း ရနိုင်မယ် မထင်ကြောင်း သူက ဆက်ပြောပါတယ်။
“ဘယ်သူက ဆက်ဆံ ဆက်ဆံ၊ ကျွန်မ စောနက ပြောသလို ဘယ်သူက ကယ်ကယ် ဒီမင်းအောင်လှိုင်ကိုတော့ ကယ်လို့ရမယ် မထင်ဘူး။ ဒီစစ်တပ်ကတော့ သွားမှာပဲ။ ‘နိုင်’ရေးအတွက် ဝိုင်းကြိုးစားဖို့ပဲ”လို့ သူမက ဆိုလိုက်ပါတယ်။ ။


















































