ဇွန် – ၂၄ ၊၂၀၂၆
တရုတ်နိုင်ငံမှာ အသစ်တွေ့ရှိခဲ့တဲ့ ငါးမျိုးစိတ် တစ်ခုရဲ့ နာမည်ကို Kpop အမျိုးသမီး ဂီတကြယ်ပွင့် ဂျန်နီကို အစွဲပြုပြီး သတ်မှတ်လိုက်ပါတယ်။
အဲဒီ ငါးမျိုးစိတ်ကို ရှာတွေ့ခဲ့တဲ့ အမျိုးသမီး သုတေသီက သူ့ရဲ့ စူးစမ်းလေ့လာမှုတွေမှာ Blackpink အဖွဲ့ဝင် အဆိုတော်မလေးရဲ့ လွှမ်းမိုးမှုတွေ အရမ်း အားကောင်းခဲ့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
သေးငယ်ပြီး ကိုယ်ထည်မှာ အနက်နဲ့အဝါ အစင်းကျားတွေ ပါဝင်တဲ့ ငါးလေးကို တရုတ်နိုင်ငံတောင်ပိုင်း၊ ပုလဲမြစ်ဝမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ အရှည် ၉ မီလီမီတာတောင် မပြည့်ဘဲ လူ့လက်သည်းခွံထက်တောင် သေးငယ်တဲ့ ငါးသေးသေးလေးကို ကျန့်ကျင်ယန်းက Brachygobius jennieလို့ နာမည်မှည့်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement
သူ့ရဲ့ သုတေသန လုပ်ငန်းစဉ် တလျှောက်လုံး ခက်ခဲတဲ့ အခြေအနေတွေ ကြုံတဲ့အခါတိုင်း ဂျန်နီရဲ့ သီချင်းတွေ နားထောင်ပြီး စိတ်ဓာတ်ခွန်အား ပြန်ရခဲ့ကြောင်း၊ ဒါကြောင့်လည်း သူ့ရဲ့ တွေ့ရှိမှုမှာ ဂျန်နီရဲ့ အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုကို ထည့်သွင်းဂုဏ်ပြုဖို့ ဒီနာမည်ကို ရွေးခဲ့ကြောင်း ကျန့်က ပြောပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလတုန်းက ကွင်းဆင်းလေ့လာရေး ပရောဂျက်ထဲမှာ ကျန့်ဟာ အဲဒီ ငါးသေးသေးလေးကို ရေဝင်လမုတောတွေကြားမှာ ရှာတွေ့ခဲ့ပါတယ်။ ပထမတော့ သူက မှတ်တမ်းတင် တွေ့ရှိပြီးသား ငါးမျိုးစိတ် တစ်ခုခုရဲ့ အကောင်ပေါက်လေးလို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တဲ့ အခါမှာတော့ ဘယ်ငါးမျိုးစိတ်နဲ့မှာ တူညီမနေတာကို သတိထားမိလာပါတယ်။
ကျန့်ဟာ ငါးလေးကို ဓာတ်ခွဲခန်း ယူလာခဲ့ပြီး ကွမ်ကျိုးမှာရှိတဲ့ ဆွန်ယက်ဆင် တက္ကသိုလ်က သုတေသီတွေ၊ တခြား ပညာရှင်တွေနဲ့အတူ ပူးပေါင်းပြီး လေ့လာခဲ့ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ၊ DNA ဆန်းစစ်မှု ရလဒ်တွေနဲ့ တိုက်ဆိုင်ပြီးတဲ့ အခါမှာတော့ ဒီငါးလေးဟာ ဘယ်တုန်းကမှ မှတ်တမ်း မတင်ဖူးတဲ့ မျိုးစိတ်သစ်မှန်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း မျိုးစိတ်သစ်အတွက် သိပ္ပံနာမည်တစ်ခု ပေးဖို့ လိုလာပါတယ်။ ပုံမှန်ဆိုရင်တော့ ရှာဖွေတွေ့ရှိသူရဲ့ နာမည်ကိုပဲ ထည့်သွင်းမှည့်ခေါ်လေ့ ရှိပေမယ့် ကျန့်ကတော့ သူဂုဏ်အယူဆုံး တွေ့ရှိမှုအသစ်မှာ ဂျန်နီကို ထည့်သွင်းဂုဏ်ပြုဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
အခု ငါးမျိုးစိတ်ကို ရှာဖွေ တွေ့ရှိမှုက ကျောရိုးရှိ သတ္တဝါတွေ အနေနဲ့ ဘယ်လောက် အရွယ်အစား သေးငယ်တဲ့ အခြေအနေမျိုးထိ ဆင့်ကဲပြောင်းလဲ ရှင်သန်နိုင်သလဲ ဆိုတာကို ဇီဝဗေဒ ပညာရှင်တွေ လေ့လာရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ လက်ရှိ အအောင်မြင်ဆုံး အမျိုးသမီး ဂီတအဖွဲ့ တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ Blackpink အဖွဲ့ဝင် ဂျန်နီဟာ သက်ရှိ မျိုးစိတ်တစ်ခုရဲ့ နာမည်မှာ ထည့်သွင်း မှည့်ခေါ်ခံရတဲ့ ပထမဆုံး KPop ကြယ်ပွင့်တော့ မဟုတ်ပါဘူး။
၂၀၂၃ ခုနှစ်တုန်းကလည်း ထိုင်းမှာ အရမ်းရှားပါးပြီး မျိုးသုဉ်းလုနီးပါး ဖြစ်နေတဲ့ ပန်းပင်တစ်မျိုးကို တခြား Blackpink အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ထိုင်းအဆိုတော် လီဆာရဲ့ နာမည် ဂုဏ်ပြု မှည့်ခေါ်စေခဲ့ပါတယ်။
အခုနှစ်ဆန်းမှာတော့ မြန်မာနိုင်ငံမှာ ရှာတွေ့ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ အင်းဆက်ရုပ်ကြွင်း တစ်ခုကို ဥရောပ သုတေသီတွေက KPop အဖွဲ့ Stray Kidsရဲ့ နာမည်ကို လက်တင်ဘာသာနဲ့ ပြောင်းလဲ မှည့်ခေါ်စေခဲ့ပါတယ်။ အကြောင်းကတော့ အင်းဆက်ပိုးကောင်ရဲ့ ရှေ့လက်တွေ ဖွဲ့စည်းပုံက အဲဒီအဖွဲ့ရဲ့ သင်္ကေတလို့ ဆိုနိုင်တဲ့ လက်အထားအသို ပုံစံနဲ့ ဆင်တူလို့ ဖြစ်ပါတယ်။
ကိုးကား – SCMP


















































