ဇွန်-၂၄၊ ၂၀၂၆။ မိုမို/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရပြီး အရာရှိတွေ အပါအ၀င် ၅၀ဦးထက်မနည်း ထိခိုက်သေဆုံးကာ ခဲယမ်းအများအပြားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ၊ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိတယ်လို့ Magway – PDFက ဒီနေ့ ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်က သရက်ကန်ပြည်သူ့စစ်ရွာ၊ပေါက်မြို့နယ်က ကုက္ကိုလ်စုပြည်သူ့စစ်ရွာနဲ့ ရေပြာရဲစခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ဇွန်လ ၁၂ ရက်မှာ တပ်မ ၁၀၁ ကနေ အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာခဲ့တာပါ။
“မြိုင် စက်မှု ၂ က အင်အားတွေနဲ့ပေါင်းပြီး ပေါက်-မြိုင်လမ်းပိုင်းကို လာချင်တာလို့ ယူဆရတယ်။ ဒါပေမဲ့ အခုက လမ်းတ၀က်မှာတင် ထိတဲ့သူများလို့ စစ်တပ်က တွင်းမကို ပြန်ဆုတ်သွားရတာ”လို့ မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement





အဲဒီစစ်ကြောင်းကို ပခုက္ကူမြို့နယ်ထဲက စပြီး မြိုင်မြို့နယ်အတွင်းအထိ ချေမှုန်းတိုက်ခိုက်ခဲ့ရာ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာအရောက်မှာ အထိနာပြီး တွင်းမပျူစောထီးစခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်က ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့ တွင်းမပျူစခန်းကို လာတဲ့ Mi 17 လေယာဉ်တစ်စီးကိုလည်း မနေ့က ပူးပေါင်းအင်အားစုတွေ အောင်မြင်စွာနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်တပ်စစ်ကြောင်းက ကျေးရွာတွေကို မီးရှို့တာ၊အရပ်သားပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာတွေကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အိမ်ခြေ ၄၀ကျော် မီးရှို့ခံထားရပြီး မသန်စွမ်းအမျိုးသား တစ်ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ငါးဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်။
“ပခုက္ကူဘက်က အင်အားထပ်တိုးလာတယ်လို့ သိရတယ်။ နောက်ထပ် ၂၅၀ လောက်ပေါ့။တိုက်ပွဲက ဆက်ဖြစ်ဖို့များတယ်”လို့ မြိုင်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
အခုထက်ပိုပြီး စစ်တပ်က ရက်စက်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ စစ်ရေးအသိနဲ့ နေထိုင်ကြဖို့ အပါအ၀င် ဘယ်နည်းနဲ့မှ အဖမ်းမခံရဖို့ ကြိုတင်သတိထားရှောင်ရှားကြဖို့ Magway – PDFကတိုက်တွန်းထားပါတယ်။
စစ်တပ်စစ်ကြောင်းကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေ၊ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပခုက္ကူခရိုင် (၂/၆/၇/ ၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းတွေ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ ကမ္မတပ်ပေါင်းစု၊ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ) ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု ၊ 8 + အင်အားစု နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေလည်း ပါ၀င်ပါတယ်။


















































