ထွန်းညိုဦး/People’s Spring
ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က “ဇော်မဲလုံး ညီမလား”လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။
အဲဒီကွန်မန့် မန့်လို့ဆိုပြီး စစ်တပ်က မန့်တဲ့ “Daw Kyin Soe” Facebook အကောင့်ပိုင်ရှင်ဖြစ်တဲ့ ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်နေ ဒေါ်ကျင်စိုးကို လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဒေါ်ကျင်စိုးဟာ အသက် ၆၈ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ယောက်ပါ။ ပဲခူးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဆိုရှယ်မီဒီယာပေါ်က မှတ်ချက်ငယ်လေးတစ်ခုအတွက်တောင် သက်ကြီးရွယ်အိုအမျိုးသမီးတွေကိုပါ ချွင်းချက်မရှိ ဖမ်းဆီးအရေးယူနေတာ တွေ့ရပါတယ်။
နောက်တစ်ခုကလည်းဇွန်လ ပထမပတ်ထဲမှာပဲ ဖြစ်ပွားခဲ့တာပါ။ အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် သျှန်ထွန်း(မြန်မာစာ)ရေးသားပြီး မေသက်ထားဆွေ သီဆိုခဲ့တဲ့ “လရောင်အောက်က ကုမုဒြာ (ခေါ်) ငွေလမင်းကြီး” သီချင်းကို Facebook တစ်ခုကနေ ဝေဖန်ရေးသားခဲ့ပါတယ်။ အဲဒီ Post အောက်မှာ တောင်ကြီးက Nang Akari ဆိုတဲ့ အကောင့်က ထင်မြင်ချက်ဝင်ရောက်ရေးသားခဲ့တယ်။ အဲဒီလိုရေးသားလို့ဆိုပြီး မှတ်ချက်ပြု (Comment မန့် )တဲ့အကောင့်ပိုင်ရှင် အမျိုးသမီးကို တောင်ကြီးနယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။

Public Service Announcement
နောက်တစ်ခုကတော့ ဇွန်လ တတိယပတ်က ဖြစ်ပွားခဲ့တာပါ။ လူမှုကွန်ရက်ပေါ်မှာ The Mask Singer သီချင်းဆိုပြိုင်ပွဲမှာ အစီအစဥ်တင်ဆက်သူဖြစ်တဲ့ ပိုင်ဇေရဲထွန်းက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ နှင်းဆီပန်းထိုးထားတာကို Page တစ်ခုက ရေးသားခဲ့ရာမှာ Wutt Hmone Oo ဆိုတဲ့ အကောင့်က Comment ဝင်မန့်ခဲ့ပါတယ်။ “ကြိုရိုက်ပြီး လွှင့်တာလား၊ Live လားတောင် မသဲကွဲတဲ့ ချီးဘရိန်းတွေ ပြောမိပြန်ပြီ၊ ငါ့အိမ်မှာတော့ နှင်းဆီပန်းတွေ စိုက်ထားတယ်”လို့ မန့်လိုက်တာပါ။
အဲဒီလို မန့်လိုဆိုပြီး အကောင့်ပိုင်ရှင်ဖြစ်တဲ့ မဝတ်မှုန်ဦးကို ဇွန်လ ၂၁ ရက်မှာ သူနေထိုင်တဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကြိုးကြာကျေးရွာကို လာရောက်ဖမ်းဆီသွားခဲ့ပြန်ပါတယ်။
အိမ်မှာ နှင်းဆီပန်းပင်တွေစိုက်ထားတယ်လို့အွန်လိုင်းမှာရေးတာကို မဝတ်မှုန်ဦးဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ လုပ်ဆောင်ခဲ့လို့ ဖမ်းဆီးတာလို့ စစ်အုပ်စုက ဆိုပါတယ်။
ဒါတွေဟာ လောလောလတ်လတ် ဇွန်လထဲမှာပဲ စစ်အုပ်စုက ဖမ်းဆီးခဲ့တာတွေပါ။အာဏာသိမ်း စစ်အုပ်စုဟာ အခုလို အွန်လိုင်းပေါ်က အရေးအသားတွေကို ဖမ်းဆီးမှုတွေ လုပ်နိုင်ဖို့အတွက် ဧပြီ ၂၈ ရက်မှာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုဝန်ကြီးကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ အထူးကော်မတီတရပ်ကို ဖွဲ့စည်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီးတာဝန်ကို ယူထားတဲ့ ဗိုလ်ချုပ်မင်းသူက ၎င်းတို့သိမ်းယူထားတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ဇွန်လ ၁၈ ရက်က အတိအလင်း ပြောသွားခဲ့ဖူးပါတယ်။
ဒီကော်မတီအောက်မှာ ၂၄ နာရီပတ်လုံး အွန်လိုင်းကို စောင့်ကြည့်မဲ့အဖွဲ့ အပါအဝင် အထူးအဖွဲ့ ၇ ဖွဲ့ ခွဲပြီး စောင့်ကြည့်နေပြီး ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ မေလအထိ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ လူပေါင်း တစ် သောင်းကျော်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ လူပေါင်း ၁၈၀၀ ကျော်အား အရေးယူထားကြောင်း ၎င်းက ဖြေဆိုသွားခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့်လည်း မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံဖြစ်လာပါတယ် ။ အင်တာနက်လွတ်လပ်ခွင့် နဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို သုတေသနပြု ၊အချက်အလက်စုဆောင်းပြီးနှစ်စဥ်ထုတ်ပြန်ပေးနေတဲ့ Freedom House က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ ကမ္ဘာ့ပေါ်မှာ ဒုတိယအဆိုးဝါးဆုံးနိုင်ငံလို့ဖော်ပြပါတယ်။
Freedom House ရဲ့အဆိုအရ ကမ္ဘာမှာမြန်မာနိုင်ငံထက် ပိုဆိုးတာ တရုတ်နိုင်ငံပဲရှိပါတယ်။ Freedom House ရဲ့၂၀၂၆ ခုနှစ် အတွက်ညွှန်းကိန်းမှာ စစ်တပ်လက်အောက်ကမြန်မာဟာ ရမှတ် ၁၀၀ မှာ ၉ မှတ်ပဲရပြီးအခြေအနေအဆိုးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတာပါ။
ဒါအပြင် မြန်မာနိုင်ငံမှာစစ်တပ်က မြို့နယ် ပေါင်း ၁၃၃ မြို့နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ် လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စောင့်ကြည့်ရေးအဖွဲ့ Athan (အသံ) ရဲ့ ၂၀၂၆ မတ်လထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့်စစ်တပ်က ပြည်သူတွေရဲ့ အသံတွေကိုတိတ်အောင် ၊ပြည်သူတွေနားမျက်စီတွေကန်းအောင် ဘယ်လောက်တောင်လုပ်ချင်နေလဲဆိုတာသိသာပါတယ် ။
စစ်အုပ်စုက ပြည်သူတွေရဲ့ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို နိုင်ငံ့ဘဏ္ဍာငွေတွေအများကြီးသုံးပြီးကို မျက်စိဒေါက်ထောက် ကြည့်နေတာပါ။ ဒါဆိုရင် ကျွန်တော်တို့ပြည်သူတွေက မရေးကြရတော့ဘူးလား။
အခြေအနေတွေက ဘယ်လောက်ပဲ ကျပ်တည်းပါစေ၊ ပြည်သူတွေအနေနဲ့ လုံးဝ နှုတ်ဆိတ်သွားဖို့ မလိုပါဘူး။ မပြောဘဲ နေကြတာမဟုတ်ဘဲ ဘေးကင်းလုံခြုံတဲ့ နည်းလမ်းတွေနဲ့ ပြောကြဖို့ပဲ လိုအပ်တာပါ။
ကိုယ်ဟာ ပြည်တွင်းမှာပဲ နေနေရတယ်ဆိုရင်ကိုယ့်ရဲ့ နာမည်အရင်း၊ ဓာတ်ပုံ၊ နေရပ်လိပ်စာတွေကို တင်ထားတဲ့၊ ကိုယ်မှန်း သိစေတဲ့အကောင့်တွေကနေ ရေးသားမယ့်အစား မိမိကိုယ်ပိုင်အချက်အလက်တွေကို လုံးဝ ခြေရာဖျောက်ထားတဲ့ အကောင့်တွေကို သုံးပြီး အမြင်တွေကို ဖော်ပြတာမျိုးတွေ လုပ်လို့ရပါတယ်။ Facebook ကိုလည်း ကြိုတင်ပြီး လုံခြုံရေးအဆင့်မြှင့်ထားတာ၊ Profile Lock ချတာ၊ Freind List ဖျောက်ထားတာတွေ လုပ်လို့ရပါတယ်။
ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ကာကွယ်ရင်း အမှန်တရားကို ဆက်လက် ဆုပ်ကိုင်ထားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ကာကွယ်ခြင်းဟာလည်း တော်လှန်ရေးတစ်ရပ်ကို ဆက်လက်အသက်သွင်းပေးနေခြင်းပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့ဘဏ္ဍာတွေ ဖောဖောသီသီသုံးပြီး ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံတွေကို ၊ပါးစပ်ကို အတင်းပိတ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ အမှန်တရားကို လက်မခံဘဲ ကြောက်လန့်နေလို့ပါ။ ပြည်သူတွေအနေနဲ့ နူတ်ဆိတ်သွားစရာ မလိုပါဘူး။ ဒီဂျစ်တယ် လုံခြုံရေးအသိကို ဒိုင်းကာတစ်ခုလို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ကာကွယ်ရင်း အမှန်တရားကို ဆက်
လက် ဖော်ပြသွားကြဖို့ အရေးကြီးပါတယ်။ နည်းဗျူဟာပြောင်းပြီး ဆက်အော်နေသရွေ့ အာဏာရှင်တွေရဲ့ အမှောင်ချချင်တဲ့ အကြံအစည်ဟာ အောင်မြင်မှာ မဟုတ်ပါဘူး။


















































