ဇွန် – ၂၆ ၊၂၀၂၆ ၊နိုင်ပကောင်း /People’s Spring
စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရရဲ့တရားလက်လွတ် ကြိုးပေးသတ်ဖြတ်မှုကြောင့်ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးကျဆုံးခဲ့တာဟာဒီနေ့ဆိုရင် နှစ် ၅၀ တင်းတင်းပြည့်ခဲ့ပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ ၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာကြီးပြင်းခဲ့ကာရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာသတ္တဗေဒဘာသာကို အထူးပြုလေ့လာရင်း ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးပါ။
၁၉၆၉ကျွန်းဆွယ်အားကစားပွဲကျောင်းသားလှုပ်ရှားမှု၊၁၉၇၂ ကျောင်း သားလှုပ်ရှားမှု၊ ၁၉၇၄ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားသပိတ်၊ဦးသန့်အရေးအခင်းနဲ့ ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှုစတဲ့ လှုပ်ရှား မှုတွေမှာတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါတယ်။

Public Service Announcement
သူဟာ ရန်ကုန်တက္ကသိုလ်ချင်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီမှာလည်း ပါဝင်လှုပ်ရှားခဲ့ပြီး၁၉၇၄ ခုနှစ်မှာတော့အထွေထွေအတွင်းရေးမှုးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
၁၉၇၂ ခုနှစ်ကျောင်းသားလှုပ်ရှားမှုမှာ ပထမအကြိမ် ဖမ်းဆီးခံရပြီး နှစ်နှစ်ကြာ အကျဉ်းချခံခဲ့ရပြီး ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်လှုပ်ရှားမှုမှာ ထပ်မံဖမ်းဆီးခံခဲ့ရကာ အဲဒီအခေါက်ဖမ်းဆီးခံရချိန်မှာတော့ မတရားကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
ဆလိုင်းတင်မောင်ဦးရဲ့ ဖခင်၊ မိခင်၊ ညီနဲ့ ကိုးတန်းကျောင်းသူအရွယ် ညီမတို့ပါ အဲဒီအချိန်က ဖမ်းဆီးခံခဲ့ရတာပါ။
ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခဲ့ပြီး မိသားစုဝင်တွေကိုတော့ကိုး နှစ်၊ ခုနှစ်နှစ်၊ ငါးနှစ် စတဲ့ ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ်၊ဇွန်လ ၂၆ ရက်နေ့မှာဆလိုင်းတင်မောင်ဦးကိုအင်းစိန်ထောင်မှာပဲ အတင်းအဓမ္မခေါ်ထုတ်ကာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။
ဆလိုင်းတင်မောင်ဦးဟာစစ်အာဏာရှင်စနစ်အုပ်စိုးမှုသမိုင်းမှာပထမဆုံး ကြိုးပေးသတ်ဖြတ်ခံရတဲ့ကျောင်းသားခေါင်းဆောင်ဖြစ်ပြီးစစ်အာဏာ ရှင်အဆက်ဆက်ဟာ ဆလိုင်းတင်မောင်ဦးကို သတ်ဖြတ်ခဲ့တဲ့နေ့ရက်ကို ယနေ့တိုင် တရားဝင်ကြေညာခဲ့ခြင်း မရှိသေးဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။


















































